Fact Check: ငွေချေးလုပ်ငန်းအယောင်ဆောင်စာမျက်နှာအတု

Misleading လူမှုရေး

တရားဝင်လိုင်စင်ရထားတဲ့ ချေငွေလုပ်ငန်းက အတိုးနှုန်းထားသက်သက်သာသာနဲ့ ချေးငွေတွေ ထုတ်ချေးနေပြီး ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာပို့စ်တင်ရေးသားပြီး လိမ်ညာနေတာတာတွေ မကြာခဏတွေ့ရပါတယ်။ အောက်ပါစာသားကတော့ မြစိမ်းရောင် ချေးငွေလုပ်ငန်းအမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြထားတဲ့ စာသားတစ်ချို့ကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ 

“မြစိမ်းရောင် ချေငွေလုပ်ငန်းမှ တရားဝင်လိုင်စင်ရ ငွေချေး ဝန်ဆောင်မူ ကုမ္ပဏီမှ

လူကြီးမင်းတို့ လိုအပ်သလောက် အရင်းနှီးငွေကို onlineမှ တစ်ဆင့် လွယ်ကူလျှင်မြန်စွာ ချေးယူနိူင်ပါပီ

လုပ်ငန်းရှင်များ 5သိန်း.မှစပြီး

သိန်း.500.အထိ  ချေးယူနှိင်ပါတယ် 

“အတိုးနူန်းမှာ”1″ကျပ်တိုးဖြစ်ပါတယ်

10/သိန်းမှ10/သိန်းအောက်ချေးယူသူများ

(1)နှစ်အသုံးပြု၍1/နှစ်အတွင်းအတိုးအရင်းအကျေပြန်ဆပ်ရပါမည်10/သိန်းမှ10/သိန်းအထက်500/သိန်းထိအဆင့်ဆင့်ချေးယူသူများ1/နှစ်မှ5/နှစ်အတွင်းအဆင့်ဆင့်သုံး၍အတိုးအရင်းအကျေပြန်ဆပ်ရပါမည်

အတိုးကိုတစ်လတစ်ခါလစဉ်ပုံမှန်ပြန်ဆပ်သွားရပါမယ်အရင်းကိုတော့မိမိအစဉ်ပြေသလိုအရစ်ကျခွဲဆပ်သွားရပါမယ်

(ဥပမာ)ဒီလမှာအတိုးဆပ်ပြီးတော့/အရင်းကို

(10)သိန်းခွဲလိုက်ပြီဆိုရင်နောက်လမှာ10/သိန်းစာအတိုးရော့သွားမှာပဲဖြစ်ပါတယ်နော်

” စသည်ဖြင့် ရေးသားပြီး မျှဝေထားပါတယ်။ ထို့အပြင် နားမလည်တာတွေရှိရင် ( 09684252961)  ဖုန်းခေါ်ပြီးဖြစ်စေ Viber ကတစ်ဆင့်ဖြစ်စေဆက်သွယ်နိုင်တယ်လို့လည်းရေးသားထားပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

စာမျက်နှာကိုလေ့လာကြည့်ရာမှာလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကမှ စတင်ဖွင့်လှစ်ထားတဲ့ ဖေ့စ်ဘွတ် စာမျက်နှာဖြစ်တာတွေ့ရပါတယ်။ စာမျက်နှာအမျိုးအစားနေရာမှာ Beauty, cosmetic & personal care လို့လည်းရေးသားထားပါတယ်။

ထို့အပြင် ဓာတ်ပုံတွေဟာ အင်တာနက်မှာအကြောင်းအရာအသီးသီးနဲ့ ပျံ့နှံ့ခဲ့ဖူးတဲ့ ဓာတ်ပုံတွေကို အသုံးပြုထား ခြင်းဖြစ်တာလည်းတွေ့ရပါတယ်။ ပထမဆုံး မြစိမ်းရောင်ချေးငွေလုပ်ငန်းအမည်နဲ့ ဆိုင်းဘုတ်ဟာ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။ မတ် ၂ ရက်မှာလည်း ဒီဓာတ်ပုံဟာ ဦးဌေးဝင်းငွေချေး လုပ်ငန်းဆိုပြီးတော့ ပြုပြင်ဖန်တီးခဲ့တာတွေကို တွေ့ရပါတယ်။ အွန်လိုင်းဈေးရောင်းဈေးဝယ်နေရာတစ်ခုဖြစ်တဲ့ one kyat က အကောင့်တစ်ခုမှာ ဒီဓာတ်ပုံကိုပဲ Hayman Capital အသေးစား ငွေရေးကြေးရေး လုပ်ငန်းဆိုပြီးတော့လည်း တွေ့နိုင်ပါတယ်။ Fact Crescendo ရဲ့ သီးခြားအတည်ပြုချက်အရ တြိဂံပုံသဏ္ဌာန် ၃ ခုထပ်ထားတဲ့ အမှတ်တံဆိပ်နဲ့ မြန်မာနိုင်ငံက အသေးစားချေးငွေလုပ်ငန်းတွေကို လေ့လာကြည့်ရာမှာ  Hayman Capital Company Limited ရဲ့အမှတ်တံဆိပ်ဖြစ်တာတွေ့ရပါတယ်။

ဒီစာမျက်နှာက ဓာတ်ပုံတစ်ချို့ကို “မြစိမ်းရောင်ချေးငွေ စီမံကိန်း”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း တွေ့ရပါတယ်။ ဒီစာမျက်နှာဟာလည်း ငွေရေးကြေးရေးလိမ်ညာရယူဖို့အတွက် အတုအယောင်စာမျက်နှာ တစ်ခုဖြစ်တာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်အောက်တိုဘာလမှာ စတင်ဖန်တီးခဲ့တဲ့ ဒီစာမျက်နှာဟာ “မြစိမ်းရောင်ချေးငွေ စီမံကိန်း”အမည်ကို မပြောင်းခင်မှ “လင်းလက်အားမာန်ကိုယ်ပိုင်ချေးငွေလုပ်ငန်း”လို့လည်း စာမျက်နှာအမည်ကိုပြောင်းခဲ့သေးတာတွေ့ရပါတယ်။

အမျိုးသမီး ၄ ယောက် အလုပ်စားပွဲတစ်ခုမှာ ထိုင်ပြီး အလုပ်လုပ်နေတဲ့ ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ ကိုဗစ်ချေးငွေနဲ့ပတ်သက်ပြီး UMFCCI မှာ လျှောက်လွှာတွေ စိစစ်စဉ်က ဖြစ်ပါတယ်။ ဧရာဝတီသတင်းဌာနရဲ့ သတင်းမှာ ဓာတ်ပုံကို အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – IrrawaddyArchive link 

ဒီထဲက အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးတွေ စုပေါင်းရိုက်ထားတဲ့ဓာတ်ပုံရဲ့နောက်ခံစာသားကို သေချာလေ့လာ ကြည့်မယ်ဆိုရင်  Myanmar Finance International Limited လို့ရေးသားထားတာတွေ့ရပါတယ်။ Myanmar Finance International Limited က သူတို့ရဲ့ အမှတ်တံဆိပ်နဲ့ ဓာတ်ပုံတွေခိုးယူသုံးစွဲပြီး လိမ်လည်နေပြီး ကုမ္ပဏီနဲ့သက်ဆိုင်ခြင်းမရှိကြောင်း အသိပေးချက် ဇန်နဝါရီ ၁၁ ရက်က ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ မြစိမ်းရောင်ချေးငွေလုပ်ငန်းဆိုပြီးတော့ အင်တာနက်မှာ ဗဟုသုတနည်းပါး သူတွေကို လိမ်လည်လှည့်စားဖို့အတွက်ဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ငွေချေးလုပ်ငန်းအယောင်ဆောင်စာမျက်နှာအတု

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *