Fact Check: တော်လှန်ရေးတပ်‌‌ပေါင်းစု NRA ဖွဲ့စည်းလိုက်ပြီး စစ်သည် ၉ သိန်းနဲ့  နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်ကို ထိုးစစ်စတင်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

တော်လှန်ရေးတပ်‌‌ပေါင်းစု(Nationwide Revolutionary Army-NRA)ဖွဲ့စည်းလိုက်ပြီး KIO ဦးဆောင်ကာ နေပြည်တော်ကို ထိုးစစ်ဆင်မည်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။ 

“နေပြည်တော် တုန်လှုပ်နေပြီ

မဟာမိတ် တပ်ပေါင်းစု ဖွဲ့စည်းလိုက်ပြီ ၊ KIO ဦးဆောင်ပြီး

တိုက်စစ်ဆင်မည်”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ တော်လှန်ရေးတပ်ပေါင်းစု NRA ဟာ အင်အား ၉ သိန်းနဲ့ မြန်မာနိုင်ငံရဲ့ အဓိက မြို့ကြီး ၃ မြို့ကို ထိုးစစ်စတင်ပြီလို့ဆိုထားပေမဲ့ ထဲမှာ Development Media Group –DMG ကဖော်ပြခဲ့တဲ့ “စစ်အနိုင်တိုက်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်း”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ ဒီသတင်းတပုဒ်လုံးမှာ စစ်အနိုင်တိုက်ရေးကို ဦးစားပေးဖို့အတွက် တော်လှန်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းလိုက်ကြောင်းဖော်ပြထားပေမဲ့ စစ်သည်အင်အားနဲ့ စုဖွဲ့မယ် အဖွဲ့အစည်းအရေအတွက်တွေကို ဖော်ပြချက်မတွေ့ရပါဘူး။ 

အောက်ပါစခရင်ရှော့ကတော့ မူလ‌ဖော်ပြခဲ့တဲ့ သတင်းဌာနက သတင်းဖော်ပြချက် အစိတ်အပိုင်းတခုကို ရယူထားခြင်းဖြစ်တယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

ဒီအဖွဲ့မှာပါဝင်တဲ့ ဝါရင့်နိုင်ရေးသမား ဦးသန်းစိုးနိုင်က အလွတ်တန်းသတင်းသမားတယောက်ကို ဖြေကြားရာမှာလည်း ဒီလို တိကျတဲ့ ပြောဆိုချက်မပါဝင်ပါဘူး။

၁၀ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တခြားပါဝင်တဲ့အကြောင်းအရာတွေကတော့ “ကိုယ်ကျိုးစီးပွား တစ်ခုတည်းကြည့်သည့် တရုတ်ဩဇာ လွှမ်းမိုးချုပ်ကိုင်မှုက နွေဦးတော်လှန်ရေးအတွက် ကြီးမားသော အခက်အခဲ ဟု TNLA ဗိုလ်ချုပ် တားဘုန်းကျော် ပြော”၊ “ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု မင်းအောင်လှိုင် ပြော”၊ “ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းတို့မှ စစ်မှုထမ်း တပ်သား ၈ ဦး အလင်းဝင်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။ အခုလည်း သတင်းမီဒီယာတခုမှာဖော်ပြခဲ့တဲ့ တော်လှန်ရေးတပ်ပေါင်းစု(NRA) ဖွဲ့စည်းကြောင်း ကြေညာချက်ကို ပြန်လည်ဖော်ပြထားပြီး  အခုမှ စတင်ကြေညာလိုက်တဲ့ ဒီအဖွဲ့အစည်းမှာ လက်နက်ကိုင်အင်အားဘယ်လိုပါဝင်မယ်ဆိုတာနဲ့ ဘယ်‌ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မယ်ဆိုတဲ့ ပြောဆိုချက်မတွေ့ရဘဲ သတင်းခေါင်းစဉ်တု တပ်ထားခြင်း ဖြစ်တယ်။

ပြောဆိုချက်- တော်လှန်ရေးတပ်‌‌ပေါင်းစု NRA ဖွဲ့စည်းလိုက်ပြီး နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်ကို ထိုးစစ်ဆင်မည်

Avatar

Title:Fact Check: တော်လှန်ရေးတပ်‌‌ပေါင်းစု NRA ဖွဲ့စည်းလိုက်ပြီး စစ်သည် ၉ သိန်းနဲ့ နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်ကို ထိုးစစ်စတင်တဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *