သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က မာရသွန်ပြိုင်ပွဲတခုကို မြန်မာဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဒေါက်တာမြင့်မိုရ်ဦးကို ဂင်းနစ်မှတ်တမ်းက မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ဒေါက်တာမြင့်မိုရ်ဦး ဟာ ထမီမဟုတ်ဘဲ ဘောင်းဘီဝတ်ဆင်ပြီး အပြေးပြိုင်ခဲ့တာဆိုတဲ့ ပို့စ်တွေနဲ့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေ တာတွေ့ရတယ်။ သတင်းမှား တခုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ဩစတြေလျမှာကိုကျော်သူ့သမီးလေး
မြန်မာရိုးရာဝတ်စုံနဲ့မာရသွန်အပြေးပြိုင်ပွဲဝင်ပြီးဂင်းနစ်စံချိန်ဝင်သွားတယ်ပြောလို့ဝမ်းသာအားရရှာကြည့်လိုက်မိတာ..
ခင်ဗျားတို့ဗျာ ..
အရမ်းကြီးတွေနင်းကန်မလော်ကြပါနဲ့..
“ဆေးကြောင့်လေး”ဆိုတာမျိုးတွေဖြစ်ကုန်ပြီးအားထုတ်ရတဲ့သူတောင်နာမည်ပျက်ပါမယ်..
သန်းလွင်ထွန်း
၅ စက်တင်ဘာ ၂၀၂၅
edit- အခုပုံနဲ့ video က AI လို့ပြောနေကြပြန်တယ်..
လော်တဲ့လူကစွတ်လော် ..
လှော်တဲ့သူကစွတ်လှော်..”

အခြား ဖေ့စ်ဘွတ်အသုံးပြုသူ တဦးကတော့ ရှမ်းဘောင်းဘီနဲ့ ဆင်တူတဲ့ ဘောင်းဘီဝတ်ဆင်ပြီး ပြေးနေတဲ့ အမျိုးသမီးတဦးရဲ့ ဗွီဒီယိုပုံစံကို မျှဝေထားပြီး “ဂျင်းထည့်နေတာရိူးလိုက် မြန်မာဝတ်စုံပြလေ”စသည်ဖြင့်လည်း ရေးသားထားတယ်။

အချက်အလက်စိစစ်ချက်
ဩဂုတ် ၃၁ ရက်က သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာကျင်းပခဲ့တဲ့ ၄၂ ဒဿမ ၂ ကီလိုမီတာ ဆစ်ဒနီမာရသွန်မှာ ဒေါက်တာမြင့်မိုရ်ဦးဟာ မြန်မာ ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄ နာရီ ၁၂ မိနစ် ၁၉ စက္ကန့်နဲ့ စံချိန်မှတ်တမ်းဝင်ခဲ့တယ်လို့ ဂင်းနစ်မှတ်တမ်းမှာဖော်ပြခဲ့တယ်။ ဒေါက်တာမြင့်မိုရ်ဦးဟာ ဓာတ်ပုံထဲမှာ မြန်မာထမီဝတ်ဆင်ထားတာတွေ့ရတယ်။

မြန်မာအခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ MNTV ကလည်း ပရဟိတသမားနဲ့ ရုပ်ရှင်သရုပ်ဆောင် ကျော်သူရဲ့ သမီးဖြစ်သူ ဒေါက်တာ မြင့်မိုရ်ဦး ဂင်းနစ်မှတ်တမ်းဝင်တဲ့ ဒီသတင်းဖော်ပြခဲ့ပြီး သတင်းဓာတ်ပုံတွေထဲမှာ ဒေါက်တာမြင့်မိုရ်ဦးဟာ မြန်မာထမီဝတ်ဆင်ထားတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ဒီအပြင် “My Daily Dose”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒေါက်တာမြင့်မိုရ်ဦး ပြိုင်ပွဲဝင်နေဟန်ကို ဦးတည်ရိုက်ကူးထားတဲ့ မှတ်တမ်း ဗွီဒီယိုတခုကို ဖြန့်ဝေထားရာ ဒီဗွီဒီယိုထဲမှာလည်း ဒေါက်တာမြင့်မိုရ်ဦးဟာ မြန်မာထမီကို ဝတ်ဆင်ထားတာတွေ့ရတယ်။

သုံးသပ်ချက်
သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က မာရသွန်ပြိုင်ပွဲမှာ မြန်မာဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကာ ၄ နာရီ ၁၂ မိနစ် ၁၉ စက္ကန့်နဲ့ မြင့်မိုရ်ဦးဟာ ပန်းတိုင်ဝင်ခဲ့တယ်လို့ ဂင်းနစ်မှတ်တမ်းမှာဖော်ပြတယ်။ ဒီလိုပဲ သတင်းဌာနတွေမှာလည်း ဒေါက်တာမြင့်မိုရ်ဦးဟာ မြန်မာထမီနဲ့ အပြေးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုကို ဖော်ပြထားပြီး ဘောင်းဘီဝတ် ပြေးလွှားနေဟန် ဗွီဒီယိုဟာ ဉာဏ်ရည်တုနည်းပညာအသုံးပြုဖန်တီးထားခြင်းဖြစ်တာတွေ့ရတယ်။

Title:Fact Check: မာရသွန်အပြေးသမား ဒေါက်တာမြင့်မိုရ်ဦး မြန်မာထမီနဲ့ မပြေးဘဲ ဘောင်းဘီနဲ့ ပြေးခဲ့တာလား – မဟုတ်ပါ
Fact Check By: နေရာမောင်Result: False