လူပေါင်း ၂၇၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ဇွန် ၁၂ ရက်က Air India လေယာဉ်ပျက်ကျရမှုဟာ လေယာဉ်မှူး ထိုင်ခုံကို ထိန်းထားတဲ့ အတံလေးတခု ပြုတ်နေတာကို သတိမထားမိတာကနေ ဖြစ်ပွားခဲ့ရတယ်လို့ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ကနဦးအစီရင်ခံစာမှာ ဖော်ပြတယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“လေယာဥ်မှူးရဲ့ ထိုင်ခုံ ရွေ့လျားမြောင်းက pin တစ်ချောင်းပြုတ်နေခြင်းက … လူပေါင်း ၂၀၀ ကျော်ကို အသက်ဆုံးစေခဲ့
Credit: Wise News
ရှေးဦးတွေ့ရှိချက်အစီရင်ခံစာ။
အိန္ဒိယလေယာဉ်ပျက်ကျမှုအတွက် preliminary report ခေါ် ကနဦးတွေ့ရှိချက်အစီရင်ခံစာ ထွက်လာပါပြီ။
တွေ့ရှိချက်ကတော့ အံ့အားသင့်စရာပါ။
India’s Aircraft Accident Investigation Bureau ကထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဓိကတွေ့ရှိတဲ့ root cause ကတော့ လေယာဉ်မှူးထိုင်ခုံဟာ လေယာဉ်အကွေ့မှာ လျောထွက်သွားတယ်လို့ ဆိုပါတယ်။
လေယာဉ်ခေါင်းမော့တဲ့အချိန်မှာ ထိုင်ခုံရှေ့နောက် ရွှေ့တဲ့ သတ္တုမြောင်းမှာ lock လုပ်တဲ့ pin ပြုတ်နေတဲ့အတွက် လေယာဉ်မှူးက နောက်ဖက်ကို ထိုင်ခုံနဲ့အတူ ရွေ့သွားယ်။
ဒါကြောင့် engine power lever ကို ဆွဲမိဆွဲရာ ဆွဲလိုက်ပါလိမ့်မယ်။ အင်ဂျင်ပါဝါကို အဆုံးလျှော့ချလိုက်သလို ဖြစ်သွားတာမို့ လေယာဉ်ဟာ ပင့်အား ( lift ) မရတော့ဘဲ ပြုတ်ကျတာဖြစ်ပါသတဲ့။
တွဲဖက်လေယာဉ်မှူးက ပြန်ဆွဲဖို့ကြိုးစားပေမဲ့ လေယာဉ်မှူးရဲ့ကိုယ်အလေးချိန်ကြောင့် မရဘူးဖြစ်ပုံရပါတယ်။
အသေးအမွှား pin လေးတခုကြောင့် ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ပွားခဲ့ရပါတော့တယ်။”
အချက်အလက်စိစစ်ချက်
တကယ်တော့ Air India လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး အစီရင်ခံစာထွက်ရှိလာပြီး အခုလို လေယာဉ်မှူး ထိုင်ခုံကို ထိန်းထားတဲ့အတံလေးတခုကြောင်းဖြစ်ရတယ်ဆိုတဲ့ သတင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်း အမြစ်တွေက ဖော်ပြချက်မရှိပါဘူး။
မြန်မာဘာသာနဲ့ ပျံ့နှံ့နေသလို လေယာဉ်မှူးထိုင်ခုံ အောက်က အတံလေးတခုပြုတ်နေတာကနေ အခုလို လေယာဉ်ပျက်ကျရတယ်ဆိုပြီး ရေးသားထားတဲ့ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုက ကနဦးအစီရင်ခံစာဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ အစီရင်ခံစာပျံ့နှံ့ခဲ့ပြီး ဒီအစီရင်ခံစာ အရင်ဖြစ်စဉ်တွေကို တုပရေးသားထားတဲ့ စိတ်ကူးယဉ်တခုဖြစ်တယ်လို့ aviacionline ကဖော်ပြပါတယ်။
သတင်းမှားပို့စ်မှာဖော်ပြခဲ့သလို ဇွန် ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှု ကနဦးအစီရင်ခံစာ အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရို(Aircraft Accident Investigation Bureau-AAIB)မှာလည်း ထုတ်ပြန်ချက်လည်း မတွေ့ရပါဘူး။ အောက်ပါစခရင်ရှော့ကတော့ AAIB က ထုတ်ပြန်ထားတဲ့ နောက်ဆုံးအစီရင်ခံစာတွေကို ၄င်းတို့ ဝက်ဘ်ဆိုဒ်မှာ မြင်တွေ့ရပုံဖြစ်တယ်။
လေယာဉ်ပျက်ကျမှုတွေကို စုံစမ်းဖော်ထုတ်မှုမှာ အရေးပါတဲ့ Black Box ကို AAIB က အမေရိကန်ကို ပို့ပြီး စစ်ဆေးဖို့ လုပ်နေတယ်လို့ အိန္ဒိယအခြေစိုက် Times of India သတင်းဌာနက ဇွန် ၁၉ ရက်မှာဖော်ပြပါတယ်။
သုံးသပ်ချက်
ဇွန် ၁၂ရက်က ပျက်ကျခဲ့တဲ့ Air India လေယာဉ်နဲ့ပတ်သက်ပြီး အစီရင်ခံစာထွက်ရှိခြင်းမရှိသေးသလို ပျက်ကျရတဲ့ အကြောင်းအရင်းလည်း မသိရှိရသေးပါဘူး။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ လေယာဉ်မှူးထိုင်ခုံအောက်က အတံတခု ပြုတ်နေခြင်းက လေယာဉ်ပျက်ကျစေတယ်ဆိုတဲ့ ပို့စ်ဟာ စိတ်ကူးယဉ် ဇာတ်လမ်းတခုသာဖြစ်တယ်။
ပြောဆိုချက်- လေယာဉ်မှူးထိုင်ခုံအောက်က အတံတခု ပြုတ်နေတာကြောင့် Air India လေယာဉ်ပျက်ကျခဲ့ရ

Title:Fact Check: Air India လေယာဉ်ပျက်ကျရမှု အစီရင်ခံစာ မထွက်သေးပါ
Fact Check By: နေရာမောင်Result: False