သာကေတရဲစခန်းကို မြို့ပြပျောက်ကျားအဖွဲ့တဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့အပြီးမှာ ရဲစခန်းရှေ့ ဗုံးကွဲမှု ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုတခု ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ တကယ်မှာ ဉာဏ်ရည်တု(AI) အသုံးပြု ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“ရွေးကောက်ပွဲအကြိုကာလ
သာကေတ
Video via ရဲအုပ်မင်းဒင်”

အချက်အလက်စိစစ်ချက်
နိုဝင်ဘာ ၁ ရက် ညပိုင်းမှာ သာကေတရဲစခန်းကို “မြို့ပြကြွက်”အမည်နဲ့ တော်လှန်ရေးအဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမီဒီယာတချို့မှာဖော်ပြပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ)

ဒီလိုသတင်းဖော်ပြချက်တွေအပြီးမှာ သာကေတရဲစခန်းတိုက်ခိုက်ခံရမှု ဗွီဒီယိုထွက်ပေါ်လာတာဖြစ်ပြီး တကယ်တမ်းမှာ ဗွီဒီယိုဟာ အဖြစ်အပျက်တခုကို ဉာဏ်ရည်တု(AI)နည်းပညာ အသုံးပြုပြီးဖန်တီးထားတာ တွေ့ရတယ်။ နိုဝင်ဘာလ ၁ ရက် ညပိုင်းမှာ ပြောက်ကျားတပ်ဖွဲ့တွေက မီဒီယာတွေမှာဖော်ပြပေမဲ့ တိုက်ခိုက် တယ်လို့ သတင်းဌာနတွေဖော်ပြချက်အရ တွေ့ရပေမဲ့ ဗွီဒီယိုထဲမှာ ပေါက်ကွဲမှုကို ဖော်ပြထားတဲ့ မြင်ကွင်းဟာ နေ့ခင်း အလင်းရောင် ဖြစ်နေတာတွေ့ရပါတယ်။ AI နည်းပညာနဲ့ ဗွီဒီယိုပြုလုပ်ရာမှာ အသုံးပြုခဲ့တဲ့ ဓာတ်ပုံမြင်ကွင်းဟာ သတင်းဌာနတွေက ဖော်ပြကြတဲ့ သာကေတရဲစခန်းမြင်ကွင်း သတင်းဓာတ်ပုံဟောင်းသာ ဖြစ်တာလည်းတွေ့ရတယ်။
ဗွီဒီယိုပါမြင်ကွင်း(ညာ)နဲ့ မူလဓာတ်ပုံမြင်ကွင်းကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကတည်းက ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပါ လူ ၂ ဦးကို ဒီ AI အသုံးပြု ဗွီဒီယိုမှာလည်း တွေ့မြင်နိုင်ပါတယ်၊

သုံးသပ်ချက်
သာကေတရဲစခန်းကို မြို့ပြပျောက်ကျား အဖွဲ့တဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပေမဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဗွီဒီယို ထွက်ပေါ်လာခြင်းမရှိပါဘူး။ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုဟာ သာကေတရဲစခန်း ဝင်ပေါက် ဓာတ်ပုံကို အသုံးပြုပြီး AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။
Title:Fact Check: AI နဲ့ ဖန်တီးထားတဲ့ သာကေတရဲစခန်း ဗုံးခွဲခံတဲ့ ဗွီဒီယို ပျံ့နှံ့
Fact Check By: နေရာမောင်Result: Altered

