“ဝ”ပြည်မှာ လူသတ်မီးဖုတ်စားတဲ့ လူတဦးဖမ်းဆီးရမိတယ်လို့ ဆိုထားတဲ့ ပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်တယ်လို့ “ဝ”ပြည် ပြန်ကြာရေး တာဝန်ရှိသူက ငြင်းချက်ထုတ်ထားပါတယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ ပြောဆိုချက်နဲ့ ဓာတ်ပုံကို ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“ဝဒေသမှာ လူကိုသတ်ပြီး အသားကို မီးဖုတ်စားသူကို ဖမ်းဆီးရမိ”

အချက်အလက်စိစစ်ချက်
“ဝ”ပြည်နယ်မှာ လူသတ်ပြီး မီးဖုတ်စားတဲ့ သူတဦးကို “ဝ”ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ ဇန်နဝါရီ ၂၅ ရက်မှာ လူမှုကွန်ယက်စာမျက်နှာတချို့က စတင်ဖြန့်ဝေလာပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ လူသားစားတယ်ဆိုတဲ့ သတင်းကို ကောလာဟလဖြစ်ပြီး စိတ်ဝေဒနာသည်တဦးက မွေးစားဖခင်ကို သတ်ဖြတ်မီးရှို့ခဲ့မှုသာဖြစ်တယ်လို့ “ဝ”ပြည် ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ဇန်နဝါရီ ၂၆ ရက်မှာတော့ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာက တဆင့် ရှင်းလင်းထားတယ်။
“ကောလာဟလသတင်း
“ဝ”ပြည်၌ လူသတ်ပြီး “မီးဖုတ်စားသူဖမ်းမိ”ဆိုသည့်သတင်းမှား ပျံ့နှံ့လျှက်ရှိသည်ကို တွေ့ရသည်။
ဖြစ်စဥ်မှာ စိတ္တဇရှိသူတစ်ယောက်သည် ၄င်း၏ မွေးစားဖခင်အားသတ်ဖြတ်ကာ မီးရှိူ့မှုဖြစ်ခဲ့သည်မှာမှန်ကန်ပြီး လူသားစားသည့် ဖြစ်စဥ်မျိုး လုံးဝ မရှိခဲ့ပါ။
ပြစ်မှုကျူးလွန်သူအား ဖမ်းမိပြီး “ဝ”ပြည်ဥပဒေဖြင့် ထိ ရောက်သည့် အရေးယူမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မိမိတို့ “ဝ”ပြည်သည် ရှေးယခင်က တချို့သောနယ်၌တောင်ယာစပါးကောင်းဖို့ ယဇ်ပူဇော်ရန်အတွက် ခေါင်းဖြတ်သည့်ဓလေ့ ရှိခဲ့ပေမယ့် လူသားစား သည့်ဖြစ်စဥ်မျိုးလုံးဝမရှိခဲ့ပါကြောင်း မှတ်တမ်းများအရ လေ့လာတွေ့ရှိရသည်။”

သုံးသပ်ချက်
“ဝ”ပြည်မှာ လူသတ်မီးဖုတ်စားတဲ့ လူတဦးဖမ်းဆီးရမိမှုအဖြစ် ဖော်ပြထားတဲ့ ဓာတ်ပုံဟာ မွေးစားဖခင်ကို သတ်ဖြတ်မီးရှို့ခဲ့တဲ့ စိတ်ဝေဒနာသည်တဦးကို သာဖြစ်ကြောင်း “ဝ”ပြည် ပြင်ပဆက်ဆံရေးတာဝန်ရှိသူက ငြင်းဆိုထားတဲ့အတွက် သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။
ပြောဆိုချက်- “ဝ”ပြည်မှာ လူသတ်မီးဖုတ်စားတဲ့ လူတဦးဖမ်းဆီးရမိ
Title:Fact Check: “ဝ”ပြည်မှာ လူသတ်မီးဖုတ်စားတဲ့ လူတဦးဖမ်းဆီးရမိဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False

