Fact Check: နေပြည်တော်အနီးက ကာကွယ်ရေးပစ္စည်းစက်ရုံ AA တိုက်ခိုက် သိမ်းပိုက်ဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

နေပြည်တော်အနီးက မြန်မာစစ်တပ်ရဲ့ အကြီးဆုံး ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(က.ပ.စ)ကို AA သိမ်းပိုက်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဇင်ဘာ ၁၇ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု ၁ သိန်းဝန်းကျင်ရရှိထားတယ်။ တူညီတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ 

“နေပြည်တော်နီးရှိ ကပစ အကြီးဆုံး AA တက်သိမ်းပြီ

နေပြည်တော်အနီးရှိ ကပစ စက်ရုံကြီး AA တက်

သိမ်းလိုက်ပြီ၊ စစ်ခွေး(၁၂၀) ဦး အလောင်းရရှိ”(မူရင်းအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

နေပြည်တော် အနီးက ကပစ စက်ရုံတရုံကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းဌာနတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို  ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်တုဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ နေပြည်တော် အနီးက ကပစ စက်ရုံတရုံကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ဆိုထားပေမဲ့ ဗွီဒီယိုထဲမှာ ဒီအကြောင်းအရာမပါဝင်ပါဘူး။ ဗွီဒီယိုထဲမှာတော့ နေပြည်တော်အတွင်းရှိ စစ်တပ်အိမ်ယာ ရခိုင့်တပ်တော် aa မှ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဆိုပြန်ပါတယ်။ ဒီသတင်းဟာလည်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။

၉ မိနစ်ဝန်းကျင် ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တခြားသော သတင်းအကြောင်းအရာတွေကတော့ အောက်တိုဘာမှာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက စစ်ကောင်စီတပ်စခန်း နေပြည်တော်PDF သိမ်းပိုက်”၊ Mandalay Free Press ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ “မော်လိုက်နယ် တိုက်ပွဲ စစ်အုပ်စု အလောင်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိ၊ ယာယီစွန့်ခွာထားတဲ့ စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ပြန် တိုက်ခိုက်သိမ်းပိုက်တာဖြစ်”၊ ပြီးခဲ့တဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့  “နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ညောင်ပတ်ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ မီးရှို့ရှင်းလင်း” စတဲ့ သတင်းနဲ့ တခြားစစ်ရေးသတင်းတွေကို ပြန်လည်‌ဖော်ပြ ထားတယ်။ 

သုံးသပ်ချက်

ဗွီဒီယို ဖြန့်ချိထားတဲ့ “Khit Thit Thadin”ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ နေပြည်တော်အနီးက အကြီးဆုံး ကပစ စက်ရုံကို AA သိမ်းပိုက်လိုက်ပြီဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- နေပြည်တော်အနီးက အကြီးဆုံး ကာကွယ်ရေးပစ္စည်း စက်ရုံကို  AA ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

Avatar

Title:Fact Check: နေပြည်တော်အနီးက ကာကွယ်ရေးပစ္စည်းစက်ရုံ AA တိုက်ခိုက် သိမ်းပိုက်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *