နေပြည်တော် လေဆိပ် အာရက္ခတပ်တော်(AA)တိုက်ခိုက်မှု စစ်သားအများအပြားသေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ချန်နယ်တခုက မျှဝေထားတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော် ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“နေပြည်တော်လေဆိပ် အေအေ ပွဲကြမ်းနေပြီ
လေဆိပ်မီးလောင်ပြီး စခ(၅၂) ဦး သေဆုံး
နေပြည်တော် လေဆိပ် အေအေ ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်၊ လေဆိပ်ဝန်းရှိ စစ်ခွေး အများပြား သေဆုံး”

အချက်အလက်စိစစ်ချက်
AA က နေပြည်တော်လေဆိပ်ကို ဒရုန်းတွေ အသုံးပြုပြီး တညလုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လေဆိပ်အတွင်းရှိ လျှပ်စစ်မီးလိုင်းတွေနဲ့ အရေးပါတဲ့ အဆောက်အအုံအချို့ ထိမှန်ပျက်စီးခဲ့ပြီး အချို့နေရာတွေမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုထားပြီး လေယာဉ်ဆင်းသက်မှုများကို ချက်ချင်းရပ်ဆိုင်းပြီး ခရီးသည်များကိုလည်း လုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ “Khit Thit Thadin” ဗွီဒီယိုမှာ ဆိုထားတယ်။
ဒါပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေကမျှ ဒီသတင်းကို ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်း မီဒီယာ တချို့က သတင်းတွေကို ပြန်လည်ကူးယူပြီး ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီသတင်းတု ဗွီဒီယိုထဲမှာ တခြားဖော်ပြထားတာတွေ့ကတော့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မုံရွာမြို့ပေါ်တွင် စစ်တပ်က ကား ၅ စီးဖြင့် ယနေ့ ညနေပိုင်း ပေါ်တာဆွဲ ဖမ်းဆီးမှု လူငယ် ၃၀ ကျော် အဖမ်းခံရ၊ တောင်ကြီးမြို့တွင်လည်း စစ်တပ်က လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး”၊ “NUG ယာယီသမ္မတ၏ ချင်းအမျိုးသားနေ့ မိန့်ခွန်း”စတဲ့အကြောင်းအရာတွေဖြစ်တယ်။
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတွေနဲ့ မီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ် တုတပ် ဗွီဒီယိုတွေကာ ပြန်လည် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ နေပြည်တော် လေဆိပ်ကို AA တိုက်ခိုက်မှု အထောက်အထား တစုံတရာမရှိသလို ယုံကြည်ရတဲ့ အရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။
ပြောဆိုချက်- နေပြည်တော် လေဆိပ် AA တိုက်ခိုက်မှု စစ်သားအများအပြား သေဆုံး
Title:Fact Check: နေပြည်တော် လေဆိပ် AA တိုက်ခိုက်မှု စစ်သားအများအပြား သေဆုံးတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

