TNLA က စစ်ကိုင်းမြို့သိမ်းတိုက်ပွဲအတွက် ပေးပို့မယ့် လက်နက်တွေကို စစ်တပ်က သိမ်းဆည်းရမိတယ် ဆိုတဲ့ပြောဆိုချက်နဲ့အတူ လက်နက်နဲ့ ခဲယမ်းဓာတ်ပုံတွေနဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုနဲ့ ဓာတ်ပုံဟောင်းတွေကို ပြန်လည်ဖြန့်ချိနေခြင်ဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“TNLA မှ စစ်ကိုင်းသို့ပေးပို့လက်နက်များ ဖမ်းမိ ပမာဏအလွန်များပြား။ ထို ဖမ်းဆီးခံရမှုကြောင့် PDF များ၏ စစ်ကိုင်းမြို့သိမ်း စစ်ဆင်ရေးမျှော်လင့်ချက် အရောင်မှိန်သွားခဲ့သည်။ ဒီလက်နက်တွေ လမ်းမှာသာ မမိခဲ့ရင် အခုချိန် စစ်ကိုင်းအတွက် မတွေးရဲစရာပဲ 🇲🇲#ဘကြီးအောင်”

အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံတွေ ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က DVB သတင်းဖော်ပြချက် တခုမှာ TNLA အဖွဲ့ရဲ့ လေယာဉ်ပစ်ဒုံးလက်နက်နဲ့ လက်နက်ခဲယမ်းတွေကို နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာ အနီးမှာ စစ်တပ်က သိမ်းဆည်းရမိခဲ့တဲ့ ဖြစ်စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရတယ်။
ဒီဓာတ်ပုံတွေဟာ အွန်လိုင်းမှာ မကြာခဏဆိုသလို လက်နက်ဖမ်းဆီးရမိမှုဖြစ်စဉ် လုပ်ကြံရေးသားဖြန့်ဝေမှု တွေမှာ ပျံ့နှံ့လေ့ရှိတာလည်းတွေ့ရတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်မှာ ကျူးကျော်တဲတွေကို စစ်တပ်ကညွှန်ကြားချက်နဲ့ ရှင်းလင်း တဲ့ဖြစ်စဉ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက်မှာ ကျူးကျော်တဲတွေကို ရှင်းလင်းရာကနေ တွေ့ရတဲ့ လက်နက်တွေအဖြစ် စစ်တပ်ဝါဒဖြန့်ချိသူတွေက အသုံးပြုခဲ့ပါသေးတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်
၂၀၁၉ ခုနှစ် နိုဝင်ဘာအတွင်း TNLA အဖွဲ့ရဲ့ လေယာဉ်ပစ်ဒုံးလက်နက်နဲ့ လက်နက်ခဲယမ်း တချို့ နမ့်ဆန် ဟိုမိန်းကျေးရွာအနီး စစ်တပ်က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း ဓာတ်ပုံတွေကို အသုံးပြုပြီး လိုအပ်သလို ရေးသားမျှဝေထားတယ်။ ဒီရက်ထဲမှာ PDF တွေအတွက် TNLA က ပေးပို့တဲ့ လက်နက်တွေကို စစ်တပ်က ဖမ်းဆီးရမိတယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရပါဘူး။
ပြောဆိုချက်- TNLA က စစ်ကိုင်းကို ပေးပို့မယ်လက်နက်တွေ စစ်တပ်ဖမ်းဆီးရမိ
Title:Fact Check: TNLA က စစ်ကိုင်းကို ပေးပို့မယ်လက်နက်တွေလား – မဟုတ်ပါ
Fact Check By: နေရာမောင်Result:Missing Context

