Fact Check: အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ 

“အိုးဘိုထောင် တိုက်ခိုက်ခံရ

အကျဉ်းသား ၄၀၀ ခန့် ကယ်ထုတ်ပြီး သမ္မတကြီး ပါဝင်

မန္တလေး နာမည်ကြီး အိုးဘိုထောင် ဖောက်ထွင်းခံရ

သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ကျဉ်း အများအပြား ကယ်ထုတ်”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်‌ဖော်ပြပြီးဖြစ်တယ်။

တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မန္တလေးအိုးဘိုထာင်တွင် ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများ ထိခိုက်သေဆုံးခဲ့ရမှု အမှန်တကယ် ဖြစ် ပွားခဲ့ဟု PPNM က အစီရင်ခံစာ ထပ်မံထုတ်ပြန် အတည်ပြု”ဆိုတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ ဩဂုတ်လ ၈ ရက်က အိုးဘိုအကျဉ်းထောင်မှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနဲ့ အခြားအကျဉ်းသားအနည်းဆုံး ၄ ဦးသေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ဦးထဲမှာ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရသူ ၅ ဦးရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)က ထပ်မံ ထုတ်ပြန်ခဲ့မူ သတင်းဖြစ်တယ်။ ဒီသတင်းမှာ အကျဉ်းသားတွေ လွတ်မြောက်ခဲ့တဲ့ အကြောင်းအရာမပါဝင်ပါဘူး။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြနေတဲ့အကြောင်းအရာတွေဟာလည်း “သီပေါနှင့် ကျောက်မဲမြို့နယ်တို့ကို TNLA လက်ထဲမှ စစ်တပ်က ပြန်သိမ်းတော့မည်ဟုဆိုကာ မြို့နယ် ရွေးကောက် ပွဲကော်မရှင်များ ဖွဲ့စည်းလိုက်ပြီး Non-CDM ဝန်ထမ်းများအားလုံးကို အသင့်ပြင်ခိုင်းထား”၊ “မွန်ပြည်နယ်မှာ ထိုင်းကုန်ပစ္စည်း သယ်ဆောင်ရင် တစ်ခါတည်း ဖမ်းဆီးသိမ်းယူနေ”၊ “မြန်မာနိုင်ငံအတွက် လူသားစာနာ အကူအညီ အားကောင်းကောင်းနဲ့ ပေးပို့ရေး အင်ဒိုနီးရှား လွှတ်တော်အမတ်တွေ တိုက်တွန်း”စတဲ့ အကြောင်းအရာတွေကို ပြန်လည်ဖော်ပြ ထားတယ်။ 

သုံးသပ်ချက်

“Mandalay Khitthit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။ အခုလည်း ဩဂုတ်လ ၈ ရက်က အိုးဘိုအကျဉ်းထောင်မှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနဲ့ အခြားအကျဉ်းသား တဒါဇင်ဝန်းကျင်း ထိခိုက်သေဆုံးမှုသတင်းကို ပြန်လည်ကူးယူဖော်ပြပြီး အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်တယ်ဆိုပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ 

ပြောဆိုချက်- အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်

Avatar

Title:Fact Check: အိုးဘိုထောင်ကို တိုက်ခိုက်ပြီး သမ္မတဦးဝင်းမြင့်အပါအဝင် ၄၀၀ ကျော်ကို ကယ်ထုတ်ဆိုတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *