Fact Check: ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ ခုနှစ် ဗြိတိန်ခရီးစဉ်က ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည် ပင်တဂွန်စစ်ဌာနချုပ်ကို သွားလည်ပတ်ခဲ့စဉ်က မြန်မာနိုင်ငံအကြောင်း ဆွေးနွေးနေခဲ့ တယ်ဆိုပြီး ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ မြေပုံတစ်ခုကို အနောက်တိုင်း စစ်အရာရှိတစ်ဦးက ရှင်းပြနေဟန်နဲ့ ပါဝင်ပြီး ခရီစဉ်အပြီးမှာ မြန်မာနိုင်ငံမှာ ရခိုင်အရေးဖြစ်တယ်လို့လည်း ရေးသားထားတဲ့ပို့စ်မှာပါဝင်ပါတယ်။

တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်က ဗြိတိန်နိုင်ငံခရီးစဉ်မှာ  ဒေါ်အောင်ဆန်းစုကြည် စစ်တက္ကသိုလ် တစ်ခုကို သွားရောက်လည်ပတ်စဉ်ကဖြစ်ပါတယ်။

အောက်ပါကတော့ ဓာတ်ပုံနဲ့အတူ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ စာသားဖြစ်ပါတယ်။

“ဒေါ်စုဘာမြေပုံတွေကြည့်နေသလဲ (မြန်မာနိုင်ငံမြေပုံပေါ့)

ဒါဘယ်နေရာလဲ?  (ပင်တဂွန်စစ်ဌာနချုပ်ထဲမှာပေါ့)

ဒီခရီးစဥ်ကအပြန် ဘာဖြစ်လာလဲ?  (ရခိုင်ပြည်နယ်အရေးအခင်းထ ဖြစ်ပါတယ်)

ဒေါ်စုကြည်ပင်တဂွန်စစ်ဌာနချုပ်ထဲအထိ ဘာသွားလုပ်သလဲ (——-? )” စသည်ဖြင့် ရေးသားပြီး “နွေဦး သခင်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ဗြိတိန် ဆန်းဟားစ်(Sandhurst) တော်ဝင် စစ်တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားခဲ့စဉ်က ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ ဓာတ်ပုံအညွှန်းစာသားအဖြစ် အောက်ပါအတိုင်းရေးသားထားပါတယ်။

“ဒီဓာတ်ပုံထဲတွင် အောင်ဆန်းစုကြည်နှင့် အက်ဒ်ကလက်ကီး ပါဝင်သည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်က အင်္ဂလန်၊ ဆာရေ(Surrey)၊ကင်ဘာလေ(Camberley)ရှိ တော်ဝင်စစ်တက္ကသိုလ် ဆန်းဟားစ်(Sandhurst)တွင် သရုပ်ပြ အခြေစိုက်စစ်ဗျူဟာ အလုပ်လုပ်ပုံ သရုပ်ပြခန်းတွင် ဗိုလ်လောင်း အက်ဒ်ကလက်ကီး(Ed Clarke)နှင့် အထိမ်းအမှတ်ပန်းပွင့်ဝတ်ဆင်လျှက် တွေ့ရသော မြန်မာအတိုက်အခံခေါင်းဆောင် အောင်ဆန်းစုကြည်”

မူရင်းလင်ခ့် – ZimbioArchive link 

ဓာတ်ပုံသတင်းဝက်ဘ်ဆိုဒ် JettyImages မှာလည်း ဒီဓာတ်ပုံတွေ ကိုတွေ့နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတွေကို ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ အဓိကသွားရောက်ခဲ့ တာတွေ့ရပါတယ်။ ဒီကာလအတွင်း ခရီးစဉ်တွေထဲမှာလည်း ပင်တဂွန်ကိုသွားရောက်လည်ပတ်တဲ့ အထောက်အထားမတွေ့ရပါဘူး။ 

ထို့အပြင် ရခိုင်အရေးအခင်းလို့ မြန်မာလိုလူသိများတဲ့ ရခိုင်ပြည်နယ်က ဘာသာအယူဝါဒမတူညီတဲ့ လူမျိုးစုနှစ်ခု အကြား ပြဿနာဟာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တာဖြစ်ပါတယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည် အတိုက်ခံဘဝက ၂၀၁၃ ခုနှစ် စစ်တက္ကသိုလ်တစ်ခုကို သွားရောက်လည်ပတ်စဉ်က ဓာတ်ပုံဟောင်းတစ်ခုကို အသုံးပြုပြီး သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ ခုနှစ် ဗြိတိန်ခရီးစဉ်က ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *