
စစ်ကိုင်းမြို့ကို ငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်ခိုက်ခံရပြီး သေမသေ မသိရသေးဘူးလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။
ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုနဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“မင်းအောင်လှိုင် ပစ်ခတ်ခံရ
စစ်ခေါင်းဆောင် စစ်ကိုင်းခရီးစဉ် ပစ်ခတ်ခံရ၊ သေမသေ
မသိရသေး လမ်းသွားလမ်းလာအားလုံးကိုဖမ်းဆီးနေ”
မူရင်းလင်ခ့် – Original link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင် တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနကို တုပထားပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ကိုင်းကို လာရောက်စဉ်မှာ အချုပ်ကားတစီး လည်း ပါလာပြီး လူငယ်တွေဖမ်းဆီးခံရတယ်ဆိုတဲ့ လူထုနွေဦးသတင်းဌာနက သတင်းကို ပြန်လည်ကူးယူပြီး စစ်ခေါင်းဆောင် စစ်ကိုင်းကို လာရောက်စဉ် တိုက်ခိုက်ခံရတယ်လို့ ခေါင်းစဉ်တုတပ်ဖြန့်ချိ နေခြင်းဖြစ်တာတွေ့ရပါတယ်။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
၁၀ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ တခြားဖတ်ကြားနေတဲ့အကြောင်းအရာတွေဟာလည်း မီဒီယာအသီးသီးမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတချို့ပဲဖြစ်ပါတယ်။ စစ်ခေါင်းဆောင် စစ်ကိုင်းမှာ တိုက်ခိုက်ခံရတယ်ဆိုတဲ့အကြောင်းမပါဝင်ပါဘူး။
သုံးသပ်ချက်
စစ်ကိုင်းမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် ယာဉ်တန်းမှာ အချုပ်ကားတစီးပါလာပြီး လူငယ်တွေ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ စစ်ခေါင်းဆောင် စစ်ကိုင်းမှာ တိုက်ခိုက်ခံရတယ်ဆိုတာ မဟုတ်ပါဘူး။

Title:Fact Check: စစ်ကိုင်းငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်းဆောင် တိုက်ခိုက်ခံရလို့ သေဆုံးဆိုတဲ့ သတင်းတု
Written By: Zun ZeeResult: Misleading