စစ်ခေါင်းဆောင် လက်နက်ကြီးထိမှန်ပြီး အသက်လုနေရတယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၂၄ နာရီအတွင်း ကြည့်ရှုမှုပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။
“မင်းအောင်လှိုင် လက်နက်ကြီး ထိမှန်
အသက်လုထွက်ပြေးလာပြီး၊ ဆေးကုသမှုခံယူနေ
အသက်အာမခံချက်မရှိဟုဆရာဝန်ပြော”
အချက်အလက်စိစစ်ချက်
ဗွီဒီယို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကို ဆင်တုယိုးမှား တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို အခုလို သတင်းခေါင်းစဉ် တုတပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့တာကို ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း ၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတဲ့ အကြောင်းအရာဟာ “တောင်ငူကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ပစ်ခတ်ခံရ”၊ “လူစိတ်မဲ့သည့်စစ်အာဏာရှင်လုပ်ရပ်နှင့် တရုတ်ဩဇာလွှမ်းမိုးမှု တော်လှန်ရေးအတွက် အကြီးမားဆုံး အခက်အခဲဟု TNLA ခေါင်းဆောင်ပြော”၊ “အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းက အချိန်နဲ့တပြေးညီ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိတာကြောင့် မြန်မာလူငယ်များစွာ အနာဂတ်ဆုံးရှုံးနေရ”၊ “ဧရာဝတီတိုင်းရှိ တိုက်ပွဲများသို့ ပို့ဆောင်ခံရသော စစ်မှုထမ်း တပ်သားသစ်များ ထွက်ပြေးမှု များပြားနေ၍ စစ်တပ်က မိသားစုဝင်များကို တိတ်တဆိတ် ပြန်ခေါ်ခိုင်း၊ တပ်ရင်းသို့ ပြန်မလာပါက မိသားစုပါ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်”စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။ ဗွီဒီယိုတခုလုံးမှာ စစ်ခေါင်းဆောင် ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ပြောဆိုချက်မတွေ့ရပါဘူး။
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့“Khit Thit Media”ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ဖြန့်ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး အပြင်းအထန်ဒဏ်ရရတယ်ဆိုတာ အထောက်အထားမရှိဘဲ လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။

Title:Fact Check: စစ်ခေါင်းဆောင် လက်နက်ကြီးထိမှန်ပြီး အသက်လုနေရဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False