
အာဏာရှင်ဟောင်း ဦးသန်းရွှေကို လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်က အာဏာလွှဲလိုက် တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။
ဇန်နဝါရီ ၁၆ ရက်က “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ သိန်းကျော်ရရှိထားတယ်။
“အခုပဲကြေညာလို့ ထိတ်လန့်ကုန်ကြပြီ
ရုတ်တရက်ပြီး ဗိုလ်ချုပ်ဦးသန်းရွှေကို
မင်းအောင်လှိုင် အာဏာလွှဲလိုက်ပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
“Local Celegram”ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အာဏာပြန်လွှဲလိုက်ပြီလို့ ကြေညာတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြခဲ့တဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ၂၀၂၃ ခုနှစ် မေ ၄ ရက်မှာ ဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် မေတ္တာရပ်ခံမှုဖြင့် စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ မြန်မာ့နိုင်ငံရေးတွင် တစ်ကျော့ပြန် ဦးဆောင် ပါဝင်လာခြင်း၏ နောက်ဆက်တွဲ အလားအလာ”ဆိုတဲ့ဆောင်းပါးတပုဒ်ကို ပြန်လည် ဖတ်ကြားနေခြင်းဖြစ်တယ်။ ၂၀၂၂ ခုနှစ်ထဲမှာ စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ်၊ သူ့ဆရာလည်းဖြစ်တဲ့ ဦး သန်းရွှေ၊ သူ့ရဲ့ စစ်တက္ကသိုလ်အပတ်စဉ် စီနီယာ သမ္မတဟောင်း သိန်းစိန်ကို သွားရောက်တွေ့ဆုံပြီး လက်ရှိ အခြေအနေ အကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့ လက်ရှိစစ်ခေါင်းဆောင်က တင်ပြခဲ့တာရှိပြီး အဲဒီလို တင်ပြချက်တွေထဲမှာ အရင်ခေါင်းဆောင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းပဲ ဆက်သွားပြီး ၂၀၁၂ နဲ့ ၂၀၁၅ ခုနှစ်တွေက လမ်းကြောင်းအတိုင်း ဆက်သွားဖို့အတွက် အကြံဉာဏ်ပေးခဲ့ကြတယ်လို့ စစ်ဘက်သတင်းအရင်း အမြစ်တွေကို ကိုးကားပြီး ဒီဆောင်းပါးထဲမှာ ရေးသားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ မူလဖော်ပြချက် ဆောင်းပါးရဲ့ အစိတ်အပိုင်းကို ရယူထားခြင်းဖြစ်တယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
အာဏာရှင်ဟောင်း ဦးသန်းရွှေကို လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်က အာဏာလွှဲလိုက် တယ်ဆိုတာ သတင်းမှားတခုသာဖြစ်တယ်။ ၂၀၂၂ ခုနှစ်ဝန်းကျင်မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့ဆီကို သွားပြီး လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က အကြံဉာဏ်တောင်းခံခဲ့တယ်ပြီး မီဒီယာတခုရဲ့ ရေးသားချက်ကို လိုအပ်သလို ခေါင်းစဉ်တုတပ် ဖြန့်ချိ နေခြင်းဖြစ်တယ်။
ပြောဆိုချက်- အာဏာရှင်ဟောင်း ဦးသန်းရွှေကို လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်က အာဏာလွှဲလိုက်တယ်

Title:Fact Check: အာဏာရှင်ဟောင်း ဦးသန်းရွှေကို လက်ရှိစစ်ခေါင်းဆောင်က အာဏာလွှဲတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False