Fact Check: ပြည်ထောင်စုနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ပြည်ထောင်စုနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

 “တစ်နိုင်ငံလုံး ပွတ်လောရိုက်ကုန်တဲ့ ကြေငြာချက် 

ပြည်ထောင်စုနေ့မှာ အကြီးကြီး ထူးပြီး

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ဖို့လုပ်ပြီ” 

Original link | Archive link

အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“အမေစုကို လွှတ်ပေးလိုက်ပြီ 

ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြင့် စစ်ကော်မရှင် လွတ်ငြိမ်း ကြေညာ

အတိုင်ပင်ခံသတင်းပါလာပြီ”

အချက်အလက်စိစစ်ချက်

ဒါပေမဲ့ ပြည်ထောင်စုနေ့မှာဖြစ်စေ နောက်တနေ့မှာဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွတ်ပေးတယ်ဆိုတဲ့ သတင်းကို ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တခုတလေကမျှ ဖော်ပြချက်မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြည်ထောင်စုနေ့မှာ ပြန်လွတ်လာပြီဆိုတဲ့ အကြောင်းကို လုပ်ကြံရေးသားပြောဆိုချက်တွေ၊ သတင်း မီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ ပြုလုပ်နေတဲ့ ယူကျူ့ချန်နယ်တွေမှာသာတွေ့ရတယ်။ အခု သတင်းတု ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ချက်တွေ မကြာခဏ ဖော်ပြခဲ့ပြီးဖြစ်တယ်။ (ဒီလင့်ခ်မှာကြည့်ပါ။)

ဒီချန်နယ်တွေဟာ လူစိတ်ဝင်စားစေမယ့် လုပ်ကြံသတင်းခေါင်း‌စဉ်တုတပ်ပြီး မီဒီယာတွေက သတင်းကို ပြန်လည်ဖော်ပြကြသလို တချို့ ယူကျူ့ချန်နယ်တွေကတော့ သတင်းဖော်ပြချက်တခုလုံးကို လုံးဝလုပ်ကြံရေးသား ဖော်ပြတာလည်းတွေ့ရတယ်။  အဓိကအားဖြင့် ဖေဖော်ဝါရီ ၁၂ ရက်ဟာ ပြည်ထောင်စုနေ့ဖြစ်လို့  ဒီနေ့အကြောင်း လူတွေက ပြောဆိုဆွေးနွေးနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လည် လွတ်မြောက်လာ ပြီလို့ သတင်းခေါင်းစဉ်တုလိုက်ခြင်းအားဖြင့် စိတ်ဝင်စားမှုကို ထပ်တိုး ရယူကာ သတင်းတု ဖြန့်ဝေခြင်းဖြစ်တယ်။

နောက်ထပ်အနေနဲ့ The Daily Lens အမည်နဲ့ ယူကျူ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ပြန်လည်လွတ်မြောက်လာတဲ့ AI အသုံးပြုဖန်တီးထားတဲ့ ဓာတ်ပုံနဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာလည်း သတင်းတု ဖြန့်ဝေခဲ့ပါသေးတယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာပြီးဆိုတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတလွတ်လာပြီဆိုတဲ့ ဗွီဒီယိုတွေ ဖြန့်ချိထားတဲ့ ယူကျူ့ချန်နယ်တွေဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာဖြစ်တယ်။

Avatar

Title:Fact Check: ပြည်ထောင်စုနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု

Fact Check By: နေရာမောင်  

Result: False