ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားတဲ့ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရတယ်လို့ ဆိုပြီး ယူကျူ့မှာ ဗွီဒီယိုတွေ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုတွေသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃. ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“အမေစု ကို စော်ကားတဲ့ သက်သက်ခံ မနေ့ည ၁ နာရီမှာ
ရွှေနန်းတော် ဆိုင်နဲ့အတူ မီးရှို့အသတ်ခံရမှုကြီး”

အချက်အလက်စိစစ်ချက်
“The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ ဒီချန်နယ်ဟာ သတင်းတချို့ကို ပုံဖျက် ပြောဆိုတာ၊ ချဲ့ကားပြောဆိုတာအပြင် လုပ်ကြံပြောဆိုမှုတွေလည်း ဖြန့်ဝေနေတာတွေ့ရတယ်။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားလို့ ဒေါ်သက်သက်ခိုင်ဟာ သူပိုင် ရွှေနန်းတော်ဆိုင်နဲ့အတူ မီးရှို့ခံရတယ်ဆိုထားပေမဲ့ ဒီသတင်းကို ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိပါဘူး။
ဒီလိုပဲ ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်သေမှ မြန်မာနိုင်ငံ အေးချမ်းမယ်လို့ ဒေါ်သက်သက်ခိုင်ပြောတဲ့အကြောင်းလည်း အထောက်အထားမတွေ့ရပါဘူး။
တကယ်တမ်းမှာ ဒေါ်သက်သက်ခိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေက တဆင့် အဂတိလိုက်စားလို့ အပြစ်ရှိသူ အဖမ်းရသူဖြစ်လို့ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဆိုတဲ့ အငြင်းပွားဖွယ် ပြောဆိုဝေဖန်မှု ပြုလုပ်ခဲ့သူဖြစ်တယ်။ ဒေါ်သက်သက်ခိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်တဦးဖြစ်ခဲ့ပြီး အာဏာသိမ်းအပြီးမှာ စစ်တပ်က ခန့်တဲ့ ဝန်ကြီးရာထူးကို လက်ခံပြီး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်။
သုံးသပ်ချက်
“The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းတချို့ကို ပုံဖျက် ပြောဆိုတာနဲ့ လုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့ နေရာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားစကားပြောတဲ့ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရတယ် ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားတဲ့ စစ်တပ်ထောက်ခံသူ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရ

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားတဲ့ ဒေါ်သက်သက်ခိုင် မီးရှို့အသတ်ခံရဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False