
လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ “NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိကြောင်း အဂတိကော်မရှင်ပြော”လို့ရေးသားထားပြီး RFA သတင်းဌာနတံဆိပ်နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်ပုံကို အသုံးပြုထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
ဒီဓာတ်ပုံကို “ဦးဦး မြင့် အောင်”အမည်နဲ့ ဖေ့စ်ဘွတ် သုံးစွဲသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

ဒီဓာတ်ပုံပို့စ်ဟာ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမကြာခဏပေါ်လာတဲ့ ဓာတ်ပုံပို့စ်တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ “ဒီမိုကရေစီရဲ့အရသာ”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့သလို ၂၀၂၀ ဧပြီ ၆ ရက်မှာ “နော် ဇေ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။
ဒီအချက်ဟာ ဖြစ်နိုင်ပါသလား။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်က တကယ်ပဲ RFA သတင်းဌာနကို ပြောကြားခဲ့ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ပထမဆုံး RFA ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်ရှာဖွေတဲ့အခါမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်ကို RFA သတင်းဌာနက တွေ့ဆုံမေးမြန်းမှု တစ်ကြိမ်လုပ်ခဲ့တာတွေ့ရပြီး ဒီတွေ့ဆုံမေးမြန်းမှု အစီအစဉ်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာမှာ ၁ ရက်မှာ RFA သတင်းဝက်ဘ်ဆိုဒ်မှာ တင်ထားတာတွေ့ရပါတယ်။ ၂၂ မိနစ်ကျော်ကြာမြင့်တဲ့ ဒီတွေ့ဆုံမေးမြန်းမှုအစီအစဉ်မှာ ဉီးအောင်ကြည်ရော RFA ရဲ့ အစီအစဉ်တင်ဆက်သူ ကပါ NLD အမတ်တွေ လာဘ်စားမှုအကြောင်း ပြောကြားခဲ့ခြင်းမရှိတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ တွေ့ဆုံမေးမြန်းမှု ဗွီဒီယိုအပြည့်အစုံကို ဝင်ရောက်လေ့လာနိုင်ပါတယ်။
မိုးညို NLD ပြည်သူ့လွှတ်တော်အမတ်ကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံရပြီး ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ် ချမှတ်နိုင်သည့် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ခံခဲ့ရတာဖြစ်တယ်လို့ Myanmar Now သတင်းဌာနက ၂၀၁၉ ခုနှစ် ြသဂုတ်လမှာ ရေးသားခဲ့တဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဉပဒေအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ တပ်မတော်အရာရှိတွေ ကျူးလွန်တဲ့ အဂတိလိုက်စားမှုတွေကို ဝင်ရောက်စစ်ဆေးအရေးယူခွင့်မရှိဘူးလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က RFA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုအစီအစဉ်မှာ ပြောကြားခဲ့တာတွေ့ရပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါ အချက်အလက်တွေအရ NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိကြောင်း အဂတိကော်မရှင် ဉက္ကဌ ပြောကြားခဲ့တဲ့ အထောက်အထားမရှိတဲ့အတွက် သတင်းတု သတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Title:NLD အမတ်တွေ လာဘ်စားတာကို စစ်ဆေးခွင့်မရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ပြောဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False