Fact Check: မြန်မာစစ်တပ်ကို ထောက်ခံတဲ့ ဆုံးဖြတ်ချက် ကုလသမဂ္ဂချမှတ်လို့ သတင်းမှားဖြန့်

False လူမှုရေး

စစ်တပ်ကို တရားဝင်အစိုးရအဖြစ် ကုလသမဂ္ဂကအတည်ပြုလိုက်တယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာဖြန့်ဝေ လျှက်ရှိပါတယ်။ အာဏာရယူအပြီး စစ်တပ်က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်မှု ကောင်စီ(နစက)ကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ရေးအဆိုကို ၁၁၉ နိုင်ငံက ထောက်ခံမှုနဲ့အတည်ပြုလိုက်တယ်လို့ ရေးသား ထားပါတယ်။

ဒီသတင်းဟာ မှားယွင်းပါတယ်။ မြန်မာနိုင်ငံ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့တဲ့ ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂက ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

“နစကအား တရားဝင်အစိုးရအဖြစ် သတ်မှတ်ရေးအဆိုကို ကုလသမဂ္ဂအစည်းအဝေးတွင်ဆုံးဖြတ်ချက်ရယူရာ ထောက်ခံမဲအများစုဖြင့် “နစက”အား မြန်မာနိုင်ငံအစိုးရအဖြစ်အတည်ပြု ထုံးစံအတိုင်းကန့်ကွက်တာက တူရကီ ကြားနေတာကUSA;UKနဲ့အနောက်နိုင်ငံအချို့ နစကအားအစိုးရအဖြစ်အတည်ပြု ထောက်ခံတာက တရုပ် အိန္ဒိယ ရုရှား အာဆီယံ၁၀နိုင်ငံအပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၉….ကမ္ဘာ့လူလည်ငပွတွေ စောက်ရှက်ကွဲကြတယ်…” စသည်ဖြင့် ရေးသားပြီး “ဂျစ် တူး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၄၀၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဇွန် ၁၈ ရက်မှာ မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်မှုတွေအတွက် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ် ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ တရားဝင် ဝက်ဘ်ဆိုက်က ဆုံးဖြတ်ချက်များ(resolution)နဲ့ပတ်သက်တဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။ အပိုဒ် ၇၀ ပါဝင်တဲ့ ဒီထုတ်ပြန်ချက်မှာ လက်ရှိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို နောက်ထပ် သက်တမ်း ၅ နှစ်တိုးပေးတာနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ကြမ်းကြုတ်မှုတွေကို ရှုတ်ချတဲ့အကြောင်းတွေ အဓိကပါဝင်ပါတယ်။

အပိုဒ် ၇ နဲ့ အပိုဒ် ၈ မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးအောက်ပါအတိုင်းဖော်ပြထားပါတယ်။

“ထောက်ခံမဲ့ ၁၁၉ မဲ ၊ဆန့်ကျင်မဲ တစ်မဲ(ဘီလာရုစ်)၊ ကြားနေ ၃၆ မဲဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရာတွင် ၁၉၃ နိုင်ငံအဖွဲ့ဟာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်က လွတ်လပ်စွာဖော်ပြခဲ့ပြီးဖြစ်သော လူထုဆန္ဒကို စစ်တပ်အနေနဲ့ လေးစားရန်၊ အရေးပေါ်အခြေအနေကြေညာထားမှုကို ရုပ်သိမ်းရန်၊ လူအခွင့်အရေးကို လေးစားရန်နဲ့ အားလုံး ပါဝင်သော အရပ်သားအစိုးရတစ်ရပ်အောက်တွင် နိုင်ငံရဲ့ အဖွဲ့အစည်းများပြန်လည်ရောက်ရှိရေးနဲ့ ဒီမိုကရေ စီနည်းလမ်းကျ ရွေးကောက်ခံပါလီမန်များပြန်လည်စတင်ရန်တို့ပါဝင်တဲ့ ဒီမိုကရေစီစနစ်အပြောင်းအလဲ ရှေ့ဆက်နိုင်စေရေးခွင့်ပြုရန်တို့ဖြစ်သည်။

အခြားသော အသုံးအနှုန်းများအနေဖြင့် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ အခြားသောမတရား ဖမ်းဆီးခံထားရသူများ၊ထိန်းသိမ်းထားသူများ၊တရားစွဲဆိုထားသူများအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ လူထုဦးဆောင်ချမှတ်ထားသော နိုင်ငံရေးဖြစ်စဉ်များနှင့်အညီ ပါဝင်ပတ်သက်သူ အားလုံး ပါဝင်စေပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာခြင်းကို အကောင်အထည်ဖော်ခြင်းအားဖြင့် အာဆီယံနှင့် အပြုသဘော ဆောင် ဆက်ဆံရန် ညီလာခံက တောင်းဆိုခဲ့သည်။ အကြမ်းဖက်မှုများကို လျော့ချနိုင်ရေး အတွက် နိုင်ငံအတွင်း လက်နက်များ စီးဝင်မှုကို ကာကွယ်ရန်အတွက်လည်း ညီလာခံက တောင်းဆိုခဲ့သည်။”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – UNArchive link

စစ်တပ်အာဏာသိမ်းမှုကို ရှုတ်ချပြီး ရွေးကောက်ပွဲရလာဒ်ကို လေးစားဖို့၊ဖမ်းဆီးခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးဖို့၊ လက်နက်စီးဆင်းမှုကို တားဆီဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့အကြောင်း သတင်းတွေ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ဖတ်ရှူ့နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကုလသမဂ္ဂက မြန်မာစစ်တပ်ကို ရှုတ်ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး စစ်တပ်ကို တရားဝင်အစိုးအရအဖြစ် အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်မဟုတ်တာ တွေ့ရပါတယ်။

Avatar

Title:Fact Check: မြန်မာစစ်တပ်ကို ထောက်ခံတဲ့ ဆုံးဖြတ်ချက် ကုလသမဂ္ဂချမှတ်လို့ သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False