
အသက်ငယ်ပိုင်းနဲ့ ခြေတစ်ဖက်ပြက်နေတဲ့အမျိုးသမီးခုတင်ပေါ်ထိုင်နေတဲ့ပုံတစ်ခုကို “AA အဖွဲ့၏ မထောက်ပံ့မှု ကြောင့် ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် AA အမျိုးသမီးစစ်သည် မမိုးမိုးနွယ်”ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီး “Emerald Zin”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။
မမိုးမိုးနွယ်ရဲ့ မိဘအမည်နဲ့မျိုးရိုးနဲ့ နေရပ်လိပ်စာတွေကိုလည်းဖော်ပြထားပြီး အသက် (၁၆)နှစ်အရွယ်မှာ AA အမာခံများရဲ့စည်းရုံးမှုကြောင့် AA စစ်သင်တန်းကျောင်းမှာ စစ်သင်တန်းတက်ကာ စစ်တိုက်ရန် ပြန်လည် စေလွတ်ခြင်းခံခဲ့ရတယ်လို့လည်းရေးသားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဒီပို့စ်မှာပါတဲ့ ပထမဆုံးပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါ တယ်။

ဇူလိုင် ၁၂ ရက်က bnionline ကဖော်ပြခဲ့တဲ့ “ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် မမိုးမိုးနွယ်”ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပုံကို သုံးစွဲဖော်ပြထားပါတယ်။အသက် ၁၇ နှစ်အရွယ် မမိုးမိုးနွယ်ဟာ ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့က တပ်မတော်နဲ့ AA အဖွဲ့ထိတွေ့မှုဖြစ်စဉ်အတွင်းမှား သေနတ်ကျည်ထိမှန်ပြီး ခြေထောက်ဖြတ်လိုက်ရတာဖြစ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

သင်တန်းပေးနေပုံဆိုတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရ ပါတယ်။
ဒီပုံဟာ ဧရာဝတီသတင်းဌာနက သတင်းနဲ့ဆောင်းပါးအချို့မှာ ၂၀၁၅ ခုနှစ်ကတည်း စတင်သုံးစွဲခဲ့တဲ့ပုံဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်က ဖော်ပြခဲ့တဲ့ “Analysis: Arakan Army – A Powerful New Threat to the Tatmadaw”ခေါင်းစဉ်နဲ့ဆောင်းပါးမှာလည်း ဒီပုံကို သုံးစွဲထားတာတွေ့ရပါတယ်။ ဒီပုံရဲ့ စာအညွှန်းကို လိုင်ဇာ အနီးမှာရှိတဲ့ AA စစ်သင်တန်းကျောင်းမှာ ၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့သော ပုံဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
“Emerald Zin” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူပို့စ်မှာပါတဲ့ပုံနဲ့ ဧရာဝတီသတင်းဌာနကပုံကိုအောက်ပါ အတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

မူရင်းဆောင်းပါးမှာ မမိုးမိုးနွယ်ရဲ့ အသက်ဟာ ၁၇ နှစ်ဖြစ်တယ်လို့ ဖော်ပြထားပြီး “Emerald Zin” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်မှာတော့ အသက် ၁၆ နှစ်မှာ AA ရဲ့ စစ်သင်တန်းပေးတာခံရတယ်ဆိုတဲ့အတွက် ဓာတ်ပုံထဲမှာ ပြထားတဲ့ စစ်သင်တန်းသူဟာ မမိုးမိုးနွယ်ဖြစ် စရာမရှိပါဘူး။
အလားတူပဲ အမျိုးသမီးစစ်သင်တန်းသားလို့ယူဆရတဲ့ ပျောက်ကြားစစ်ဝတ်စုံတွေနဲ့သူတွေကို Google မှာပုံပြောင်းရှာနည်းအသုံးပြုရှာမယ်ဆိုရင် frontiermyanmar သတင်းဌာနက ဆောင်းပါးတစ်ပုဒ်က ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်အရ “Emerald Zin”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “AA အဖွဲ့၏ မထောက်ပံ့မှု ကြောင့် ခြေတစ်ဖက်တည်းဖြင့် မိသားစုဝမ်းရေး ဖြေရှင်းရတော့မည့် AA အမျိုးသမီးစစ်သည် မမိုးမိုးနွယ်”ဆိုပြီး တော့ ခေါင်းစဉ်တပ်ပြီးရေးသားထားတဲ့သတင်းဟာ လှည့်စားပြီးရေးသားထားတဲ့ သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Title:သေနတ်ကျည်ထံမှန်လို့ ခြေထောက်ဖြတ်လိုက်ရတဲ့သူတစ်ဉီးကို AA အမျိုးသမီးစစ်သည် အဖြစ် လှည့်စားထားတဲ့ သတင်း
Fact Check By: Nayar MaungResult: False