
“Facebookပေါ်တွင်အိပ်ရာခင်းခေါင်းအုံးများ ရောင်းချနေသော onlineshopping အကောင့်ပိုင်ရှင် အမျိုးသမီး များနှင့် နိုင်ငံတော်ထံ အခွန်မဆောင်သော တရားမဝင်အွန်လိုင်းစျေးသည်များကို စီမံချက်ဖြင့် ဖမ်းဆီး”ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
“မြန်မာပြည် Facebook ပေါ်တွင် အခွန်မဆောင်ပဲ အလွန်အကြူး ရောင်းချနေသော တရားမဝင် အွန်လိုင်းရှော့ပင် ဒိုင်ကြီးများကို မနေ့ကဖမ်းဆီးရာမှ ပစ္စည်းပို့အမျိူးသားတစ်ဦးအပါဝင် တရားခံအမျိူးသမီးများစွာဖမ်းမိလိုက် တယ်လို့ သတင်းရရှိပါသည်။ အဆိုပါ အွန်လိုင်းစျေးရောင်းသူတွေဟာရန်ကုန်မြို့ မှဖြစ်ပြီး အိပ်ရာခင်း ခေါင်းအုံး မွေ့ရာများကို အဓိကထားရောင်းချသူများ ဖြစ်ကြောင်း သိရပါသည်။ ခေါင်းအုံးနှစ်လုံး အိပ်ရာခင်းဆယ်ခု ဖက်လုံး တစ်လုံးနဲ့ ပစ္စည်းရောင်းချငွေ လေးသောင်းလောက် ဖမ်းမိတယ်လို့ သိရှိရသည်။ မြန်မာပြည်ကိုဗစ်ကာလ နောက် ပိုင်း တစ်လကျော်အတွင်း အခုလို အွန်လိုင်းစျေးရောင်သူအဆမတန်များပြားလာပြီး ရဲတပ်ဖွဲ့ကဖမ်းမိတဲ့ အွန် လိုင်းရှော်ပင်သမား ၈၆ ယောက်ထိရှိခဲ့တယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ သိရှိရသည်”ဆိုပြီး တော့ သတင်းမှာဖော်ပြထားပါတယ်။

ဒီသတင်းကို လူမှုကွန်ယက်သုံးစွဲသူ ၁ ထောင် ၄ ရာကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
Google မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “တရားမဝင်အွန်လိုင်းစျေးသည်များကို စီမံချက်ဖြင့် ဖမ်းဆီး”၊ “Facebookပေါ်တွင်အိပ်ရာခင်းခေါင်းအုံးများ”စတဲ့စကားလုံးတွေကို အသုံးပြုပြီး သတင်းကို ရှာဖွေကြည့်ရာမှာ ပြည်တွင်းက အဓိကမီဒီယာဌာနတွေမှာ ဒီလို သတင်းဖော်ပြချက်မျိုးတစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြနေတဲ့ Yangon Police စာမျက်နှာမှာလည်း ဒီလိုသတင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားတာမတွေ့ရပါဘူး။
သတင်းဖော်ပြချက်မှာပါတဲ့ အမျိုးသမီး ၄ ဉီးနဲ့ အမျိုးသားတစ်ဉီး ဓာတ်ပုံတွေကို Google မှာ ပုံပြောင်းပြန်ရှာ နည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

မီဇိုရမ်ဂျာနယ်အမည်နဲ့ သတင်းဝက်ဆိုဒ်တစ်ခုက မိတ္ထီလာသတင်းကို ကိုးကားပြီး ချင်းဘာသာတစ်ခုနဲ့ မေ ၅ ရက်က ရေးသားခဲ့တဲ့ သတင်းမှာ မေ ၄ ရက်က မိတ္ထီလာက ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေသူတွေကို ဖမ်းဆီးဆိုတဲ့ သတင်းတစ်ခုဖြစ်တာတွေ့ရပါတယ်။

နောက်ထပ်အမျိုးသမီး ၄ ဉီးဓာတ်ပုံကို ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာတော့ အောက်ပါ အတိုင်းတွေ့ရပါတယ်။

မေ ၁၂ ရက်က “နေပြည်တော်”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားခဲ့တဲ့ “နေပြည်တော်~လယ်ဝေးမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်း အေလာလမ်းဆုံတွင် ပြည့့်တန်ဆာများအား ရဲတပ်ဖွဲ့မှဖမ်းဆီးခြင်း”ဆိုတဲ့ သတင်းမှာ အဆိုပါပုံကို သုံးစွဲထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
“U Naing Linn Aung”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ပို့စ်ကပုံတွေနဲ့ မီဇိုရမ်ဂျာနယ်သတင်း ဝက်ဘ်ဆိုဒ်နဲ့ “နေပြည်တော်”ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ပုံတွေကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

အွန်လိုင်းပေါ်ရောင်းချနေသည့် အလှကုန်၊ ဆေးဝါးနှင့် အစားအသောက်များနှင့် ပတ်သက်ပြီး တရားဝင် စည်းကြပ်တော့မည်ဖြစ်ကြောင်း၊ ခွင့်ပြုချက် လိုင်စင်မပါရှိပါက ထောင်ဒဏ်ချခံရနိုင်ကြောင်း ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၀ က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီး ဉီးမြင့်သောင်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့တဲ့သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ “U Naing Linn Aung”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ “Facebookပေါ်တွင်အိပ်ရာခင်းခေါင်းအုံးများ ရောင်းချနေသော onlineshopping အကောင့်ပိုင်ရှင် အမျိုးသမီး များနှင့် နိုင်ငံတော်ထံ အခွန်မဆောင်သော တရားမဝင်အွန်လိုင်းစျေးသည်များကို စီမံချက်ဖြင့် ဖမ်းဆီး”ဆိုတဲ့ သတင်းမှာဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ ပြည့်တန်ဆာလုပ်ငန်းကို ဖမ်းဆီးမှုသတင်းက ပုံတွေဖြစ်နေပြီး ဒီလို အွန်ရောင်းချသူတွေကို ဖမ်းဆီးတယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရတဲ့အတွက် သတင်းတု သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Title:Facebook ပေါ်မှာအွန်လိုင်းရှော့ပင်ရောင်းတဲ့သူတွေကို ဖမ်းဆီးဆိုတဲ့ သတင်းက ဓာတ်ပုံတွေက ပြည့်တန်ဆာလုပ်ငန်းဖမ်းဆီးမှုပုံတွေဖြစ်နေ
Fact Check By: Nayar MaungResult: False