“တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်”လို့ MRTV ကြေညာခဲ့ခြင်းမရှိပါ
“ဖေမြင့်တို့ ကတော့ လုပ်ချလိုက်ပြီ တပ်မတော် အကြမ်းဖက် သောင်းကျန်းသူများတဲ့ သေပြီဆရာ”ဆိုပြီးတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက သတင်းတင်ဆက်မှု ဗွီဒီယိုတစ်ခုကို “Aung Naing Htwe”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။
၂၄ စက္ကန့်ကြာမြင့်တဲ့ ဒီဗွီဒီယိုကို နားထောင်ကြည့်မယ်ဆိုရင် အစီအစဉ်ကြေညာသူက“ခွာထွက်ပြေးခဲ့ရကြောင်း တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် စစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မင်းပြားရာမောင်တံတားအနီးတဝိုက်ရှိ ပွိုင့် ၁၁၄ တောင်ကုန်း တွင်နေရာယူကာ လမ်းပန်းဆက်သွယ်မှုအား ပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်မှုများ စသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ COVID-19 ရောဂါ”ဆိုပြီးတော့ ကြေညာခဲ့ တာတွေ့ရပါတယ်။
“တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်”ဆိုတဲ့စကားလုံးကို MRTV ကဖတ်ကြားခဲ့တာ အမှန်ပဲ လား။ ဒါမှမဟုတ် အစီအစဉ်ကြေညာသူက မှားယွင်းဖတ်ကြားခဲ့သလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ပထမဆုံး Google မှာ အစီအစဉ်ကြေညာချက်ထဲက အဓိကစကားလုံးတွေဖြစ်တဲ့ “ရာမောင်တံတား အနီး ပွိုင့် ၁၁၄”လို့ ရိုက်ပြီး ရှာဖွေရှာမှာ အောင်ပါအတိုင်းတွေ့ရပါတယ်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ ဝက်ဘ်ဆိုဒ်မှာ ဒီသတင်းဗွီဒီယိုဖိုင်ကို မေ ၈ ရက်ကတင်ထားတာတွေ့ရပြီး သတင်းကြေညာချက်အပြည့်အစုံမှာ ၃ မိနစ်နဲ့ ၂၇ စက္ကန့်ကြာမြင့်တာတွေ့ရပြီး “တပ်မတော်အကြမ်းဖက်သောင်း ကျန်းသူများအနေဖြင့်”ဆိုတဲ့ စကားလုံးမပါဝင်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင် ပါတယ်။
“Aung Naing Htwe” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ဗွီဒီယိုဖိုင်နဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းဌာနက ထုတ်လွှင့်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ရခိုင်ပြည်နယ်၊ ရာမောင်တံတားအနီး ပွိုင့်-၁၁၄ တောင်ကုန်း၌ နေရာယူ၍ လမ်းပန်း ဆက်သွယ်မှုလုံခြုံရေးအား ခြိမ်းခြောက်နေသော AA အကြမ်းဖက်သောင်းကျန်းသူများ ၏ ခြေကုတ်စခန်းအား သိမ်းပိုက်ရရှိဆိုတဲ့ မေ ၈ ရက ်က တပ်မတော် ကာကွယ်ရေးဉီးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ မူလသတင်းတင်ဆက်မှုမှာ “တပ်မတော်အကြမ်းဖက်သောင်း ကျန်း သူများအနေဖြင့်"ဆိုတဲ့ စကားလုံးကြေညာခဲ့တာမျိုးမရှိဘဲ သတင်း ကြေညာချက်ဗွီဒီယိုကို ဒီဂျစ်တယ်နည်းလမ်းနဲ့ ပြန်လည် ပြန်ထုတ်ပြီး အတုဖန်တီးထားတဲ့ ဗွီဒီယိုဖြစ် တာတွေ့ရပါတယ်။
Title: “တပ်မတော်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်”လို့ MRTV ကကြေညာခဲ့ခြင်းမရှိပါ
Fact Check By: Nayar MaungResult: False