
ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ကို ဒေသခံတွေက ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဇူလိုင် ၂၇ ရက်မှာ သတင်းမှားတစ်ခု မျှဝေထား ပါတယ်။
“လွန်ခဲ့သော နှစ်များဆီမှ ပြင်သစ်နိုင်ငံသားတစ်ဦးသည် ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသတ်သေမှု့ဖြစ်ပီး နောက်ပိုင်းလွန်ခဲ့သောတစ်လခန့်က ကျောင်းသူလေးတစ် ဦး ထပ်မံ သေကြောင်းကြံခဲ့သည်…. ကျောင်းသူလေး သေပီး မရှေးမနှောင်း တက္ကသိုလ်ကျောင်းသားတစ်ဦးသေဆုံးခဲ့ပီး လွန်ခဲ့သောတစ်ပတ်ခန့်က တောင်ပေါ် မှာနေ သော ကလေးတစ်ဦး တောင်အောက်မှာကားကျိတ်ခံရ၍သေဆုံးအပီး ယခုအခု တောင်ပေါ်မှာနေထိုင်သော အစောင့်လင်မယားနှစ်ယောက် ဓာတ်လိုက်ပီးသေဆုံးခဲ့သောကြောင့် ဒေသခံများမှာ တောင်ပေါ်တွင် စောင့်ရှောက်သော ကရင်မောင်နှမနှစ်ယောက် လူစားလဲနေသည်ကို ယုံကြည်သွားကြပီး ယနေ့ည 27 ရက်နေ့ ညခြောက်နာရီအချိန်က တောင်အပေါ်ဆုံးကနေမီးသတ်ကားဖြင်း ဓာတ်ဆီများ နေရာအနှံ့ ပတ်ဖြန်းပီး ဇွဲကပင် တောင်ကြီးအား မီးရှိ ု့ဖျက်ဆီးပစ်လိုက်ကြောင်းသတင်းရရှိပါသည်”စသည်ဖြင့်ရေးသားပြီး Cele Cele All အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမျှဝေထားရာ လူမှုကွန်ယက်အသုံးပြုသူ ၁၅၀၀ ကျော်က ဒီသတင်းကို ပြန်လည်မျှဝေခဲ့ကြပါတယ်။

အချက်အလက်စိစစ်ချက်
Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာဟာ ဇူလိုင် ၂၆ ရက်ကမှစတင်ပြီး တည်ထောင်ခဲ့တဲ့ ဖေ့စ်ဘွတ် စာမျက်နှာဖြစ်ပြီး အနုပညာရှင်တွေကွယ်လွန်ဆိုတဲ့ သတင်းတု သတင်းမှားတွေ ဆက်တိုက် ဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်ပြီးနာမည်ကျော် သရုပ်ဆောင်နဲ့ အဆိုတော်တွေ သေဆုံးဆိုတဲ့သတင်းတုသတင်းမှားတွေ ဖြန့်ချိလျက်ရှိနေကြောင်း Fact Crescendo Myanmar ကဇူလိုင် ၂၉ ရက်မှာ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အခုလည်း ဇွဲကပင်တောင်ကို ဒေသခံတွေက ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ပို့စ်ဟာ သတင်းတု သတင်းမှားဖြစ်တာတွေ့ရပါတယ်။ ဒီပို့စ်မှာပါတဲ့ မီးလောင်နေတဲ့ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်း အသုံးပြု ရှာဖွေမယ်ကြည့်မယ်ဆိုရင် ဒီဓာတ်ပုံဟာဘားအံမြို့နယ်၊ တော်ပုံကျေးရွာအုပ်စု၊ တော်ပုံကျေးရွာရှိ ဇွဲကပင်တောင် အငူမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီခန့်က တောမီးများလောင်ကျွမ်းနေခဲ့ရာ တောင်ကမ်းပါးယံသို့ ကူးစက်လောင်ကျွမ်းနေကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ဖော်ပြတဲ့ သတင်းမှာ အသုံးပြုခဲ့တဲ့ ဓာတ်ပုံ ဖြစ်တာ တွေ့ရပါတယ်။

ဇွဲကပင်တောင်ကို ဒေသခံတွေက ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကဖော်ပြခဲ့တဲ့ မီးလောင်ဓာတ်ပုံနဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဇွဲကပင်တောင် အငူမှာ တောမီးများလောင်ကျွမ်းမှုသတင်းမှာ ပြန်ကြားရေးဝန်ကြီး ဌာနက ဖော်ပြတဲ့ဓာတ်ပုံကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

အလားတူပဲ Google မှာ အဓိကကျတဲ့ စကားလုံးတွေဖြစ်တဲ့ “ဇွဲကပင်တောင်ကို ဒေသခံတွေက ဓာတ်ဆီလောင်း မီးရှို့”စသည်ဖြင့် ရှာဖွေကြည့်မယ်ဆိုရင်လည်း ဒီလိုသတင်းမျိုး အဓိကကျမီဒီယာတွေ ဖော်ပြခဲ့တဲ့ သတင်းမျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ Cele Cele All အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေထားတဲ့ ဇွဲကပင်တောင် ကို ဒေသခံတွေက ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းတု သတင်းမှားဖြစ်တာ တွေ့ရပါတယ်။

Title:ဇွဲကပင်တောင်အား ဒေသခံများမှ မီးရှို့ ဖျက်ဆီးဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False