Fact Check: NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက် ၆ ချက်ဆိုတဲ့သတင်းတုသတင်းမှား

False နိုင်ငံရေး | Politics

NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။

ပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံပို့စ်မှာ NLD ပါတီ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်လို့ ရေးသား ထားပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မိမိမိတ်ဖက်လို့ အသိပေးထားပြီး အနိုင်မရနိုင်သော မဲရုံများတွင် ဆူပူဆန္ဒပြခြင်း၊ ရန်ပွဲဖန်တီးခြင်း၊ ကိုဗစ်ရောဂါအဖြစ် ဟန်ဆောင်မူးလဲရန်နဲ့ နောက်ဆုံးအနိုင်မရပါ ဆူပူအုံကြွမှုလုပ်ရန်စတဲ့ အချက် ၆ ချက်ညွှန်ကြားထားတယ်ဆိုပြီးတော့  မျှဝေထားတာဖြစ်ပါတယ်။

သို့သော်လည်း မျှဝေထားတဲ့ပုံဟာ စာစီရိုက်ထားတဲ့ စာရွက်တစ်ရွက်ကို ဓာတ်ပုံရိုက်ထားခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်တုံး၊ နေ့စွဲစတဲ့ ပါတီက ထုတ်ပြန်လေ့ရှိတဲ့ ပုံသဏ္ဌာန်မျိုးကင်းမဲ့နေတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။

“#အလွန်ကြောက်စရာကောင်းသော အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မဲအောင်နိုင်ရေး အစည်းအဝေးမှ #ဆုံးဖြတ်ချက်များ လူမှုကွန်ရက်ပေါ်၌ ပျံ့ နှံ့နေ။ အတွင်းလူမှတစ်ဆင့် #ပေါက်ကြားလာကြောင်းသိရ ” လို့ရေး သားပြီး “Si Thu Mg” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD မပါသောညွန့်ပေါင်းအစိုးရ လိုလားသူများ” အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။ ဒီနေရာ နဲ့ ဒီနေရာမှာလည်း အလားတူမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

အခုလိုရေးသားမျှဝေထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကို Fact Crescendo Myanmar က ဆက်သွယ် အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောပါတယ်။ ပါတီအောင်နိုင်ရေးနဲ့ပတ်သက်ပြီး ပါတီဝင်တွေကို ညွှန်ကြားချက်ဆိုပြီး သီးသန့်ထုတ်ခဲ့ဖူးတာမျိုးလည်းမရှိကြောင်းလည်း မုံရွာအောင်ရှင်က ပြောပါတယ်။

 “အခုကြေညာချက်ထုတ်တယ်ဆိုတဲ့ အတုထုတ်တဲ့ ပါတီ အတုထုတ်တဲ့ အင်အားစုရဲ့ သဘောထားအမှန်ပါပဲ။ အဲဒါ။ NLD ရဲ့သဘောထားအမှန်တော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအသုံးအနှုန်းတွေ ဒီလိုလုပ်နည်း လုပ်ဟန်တွေက ဘယ်သူတွေ လက်တွေ့ လောလောဆယ်မှာ လုပ်နေသလဲဆိုတာ ပြည်သူလူထုက သိပါတယ်။ အဲဒီလူတွေပဲ အတုလုပ်တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ကျွန်တော်တို့ NLD အနေနဲ့က ဘာဆူပူအုံကြွမှုမှ လုပ်စရာ လည်းမလိုဘူး။ ဘယ်လို ဉာဏ်နီဉာဏ်နက်တွေသုံးပြီး မဲရအောင်လုပ်ရမယ်ဆိုတာလည်း ဘာမှမရှိပါဘူး။ ကျွန်တော်တို့မှာ မူရှိတယ်လေ။ မူကလည်း ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တုန်းကတည်းက ထားခဲ့တဲ့မူပဲ။ ရအောင်လုပ်ရမယ် နိုင်အောင်လုပ်ရမယ်။ သို့သော်လည်း တရားမျှတမှုရှိရှိနည်းနဲ့ ရအောင်လုပ်ရမယ်၊ နိုင်အောင် လုပ်ရမယ်။ ဒါပါပဲ ကျွန်တော်တို့က။ နိုင်အောင်လုပ်ပြီးတော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နိုင်ဖို့အဓိက ဆိုတာကတော့ ကျွန်တော်တို့မှာ အဲဒီမူမရှိပါဘူး။ တရားမျှတမှုရှိရှိနဲ့ နိုင်အောင်လုပ်မယ်။ အားလုံးနဲ့ သဘောတူညီမှုရှိတဲ့ နိုင်အောင်လုပ်မယ်။ ဒါကိုပဲ ကျွန်တော်တို့ လေးစားတာဖြစ်ပါတယ်။ ခုနကဟာတွေကတော့ တကယ် သတင်းအမှားတွေပါ။ တကယ်လုပ်ကြံတဲ့သတင်းတွေပါ။ သတင်းမှားတင်မဟုတ်ဘူး။ ဒါတွေက လုပ်ကြံတဲ့ သတင်းဖြစ်တယ်”

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မဲမနိုင်ပါက ရန်ပွဲဖန်တီးခြင်း၊ ရောဂါသည်အဖြစ်ဟန်ဆောင်လဲရန်နဲ့ ဆူပူ အုံကြွမှုလုပ်ရန် NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ဆိုပြီး မျှဝေနေတဲ့ အချက်ကို သတင်းတုသတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက် ၆ ချက်ဆိုတဲ့သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *