
UEC ၏ ရွေးကောက်ပွဲမှာ အာဏာရ NLD အစိုးရကို အနိုင်ရစေရန် ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့တဲ့ နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းလိုက်တယ်ဆိုပြီးတော့ မျှဝေလျက်ရှိပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ “ရွေးကောက်ပွဲ နောက်ဆက်တွဲ အရေးပေါ်သတင်းထူး”လို့ ရေးသားပြီး UEC ဟာ လက်ရှိ NLD အစိုးရအား အနိုင်ရှိစေရန် ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ တပ်မတော်(စရဖ)၊ CID ၊ တပ်မတော် သတင်းထောက် အရပ်ဘက်သတင်းထောက် နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများစုဖွဲ့ထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပြီး “ပုံ /နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်”လို့ ရေးသားထားပါတယ်။
အခုလို ပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ပတ်သက်ပြီး သတင်းဌာနတွေဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ နိုင်ငံတော် သမ္မတရုံး၊ရွေးကောက်ပွဲကော်မရှင်စတဲ့ အဖွဲ့အစည်းတွေမှာလည်း တရားဝင်သတင်းထုတ်ပြန်ချက် မတွေ့ရှိရပါဘူး။ ဒီလိုအဖွဲ့ဖွဲ့တယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ အငြင်းပွားမှုများရှိလာသည့်တိုင်အောင် ရွေးကောက်ပွဲဉပဒေအရသာဖြေရှင်းရန်ရှိတယ်လို့လည်း လက်ရှိ သာကေတ မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးအောင်က Fact Crescendo Myanmar ကို ပြောပါတယ်။
အလားတူ ရေးသားမျှဝေချက်တွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
“UEC ၏ ရွေးကောက်ပွဲ မဲမသမာမှုဖြင့် အာဏာရ NLD အစိုးရအား အနိုင်ရှိစေရန် ရည်ရွက်ချက်ဖြင့် လုပ်ဆောင်ခဲ့ သည့် အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ ရောက်ရှိလာသော တိုင်တန်းစာ 3568 စောင်အား အရေးယူစုံစမ်းရန် တပ်မတော်(စရဖ) မြန်မာနိုင်ငံရဲတပ်ဖွဲ့ CID တပ်မတော် သတင်းထောက် အရပ်ဘက်သတင်း ထောက် နှင့် ရွေးကောက်ခံကိုယ်စားလှယ်လောင်းများစုဖွဲ့ထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်သည်”သည် လို့ရေးသားထားပါတယ်။
အဓိကကျတဲ့ စကားလုံးတွေအသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာအပါအဝင် သတင်းဌာနတွေမှာ ဒီလို ရေးသားထားတဲ့ သတင်းမျိုး မတွေ့ရပါဘူး။
အချက်အလက်အလက်တွေကို စိစစ်ကြည့်ရအောင်ပါ။
ဒီလိုမျှဝေနေတာတွေနဲ့ပတ်သက်ပြီး လက်ရှိ သာကေတ မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဝေဖြိုးအောင်ကို Fact Crescendo Myanmar ကဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။
“ကျွန်တော်ထင်တာကတော့ ဒီဟာက ဖြစ်ချေကတော့မရှိလောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်တာတွေ မှန်သမျှက ရွေးကောက်ပွဲကော်မရှင်က တာဝန်ခံရတယ်။ အဲဒီအပေါ်မှာ မကျေနပ်တဲ့ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ မကြေနပ်တဲ့ မဲဆန္ဒရှင်ပဲဖြစ်ဖြစ်က ရွေးကောက်ပွဲဉပဒေအရ ရွေးကောက်ပွဲကော်မရှင် ဆီမှာ တိုင်လို့ရတယ်။ ဒီလိုဖြစ်တယ်ဆိုတဲ့ဟာကို ရွေးကောက်ပွဲကော်မရှင်ဆီမှာ အချက်အလက်အထောက် အထားတွေနဲ့ တိုင်လို့ရတယ်။ ရွေးကောက်ပွဲကော်မရှင်က ခုံရုံးဖွဲ့ပြီးစစ်ပေးတယ်။ တိုင်တဲ့သူရော အတိုင်ခံရ တဲ့သူရော စစ်ပေးတယ်။ ဒီအတွက်ကြောင့်မို့လို့ ရွေးကောက်ပွဲကော်မရှင် မမျှမတလုပ်တဲ့ဟာကို စုံစမ်းစစ်ဆေး ဖို့ဆိုပြီးတော့ ထပ်ဖွဲ့တယ်ဆိုတာကတော့ ကျွန်တော်ထင်တယ် ယုတ္တိတော့ မရှိဘူး”
ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေကို ဉပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို လုပ်ပိုင်အပြည့်အဝ အပ်နှင်းထားတာကိုလည်း တွေ့ရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဉပဒေကို ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
ဒီဉပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဉပဒေအရ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၄◌င်းရဲ့ဆောင်ရွက်ချက်တွေအတွက် မည်သူသည့်အဖွဲ့အစည်း ကိုမျှ စုံစမ်းခွင့်ပေးထားခြင်းမရှိတာတွေ့ရပါတယ်။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၄၀၀ ပြဌာန်းချက်အချို့ကို ဖောက်ဖျက်တယ်လို့ ယူဆရင် စွပ်စွဲပြစ်တင်ပိုင်ခွင့်ကို နိုင်ငံတော်သမ္မတကိုသာ အပ်နှင်းထားတာရှိပါတယ်။

နိုင်ငံတော်သမ္မတရုံးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီးထုတ်ပြန်ချက်မှာ ယခုနှစ် ဇူလိုင် ၈ ရက်က ထုတ်ပြန်ချက်ဟာ နောက်ဆုံးဖြစ်တာတွေ့ရပြီး သမ္မတရုံးဖေ့စ်ဘွတ်စာမျက်နှာကို ဝင်ကြည့်တာနဲ့ တွေ့နိုင်ပါတယ်။
“နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ကော်မရှင်အဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန်မှာကြား”လို့ ရေးသား ထုတ်ပြန်ထားတာတွေ့ရပါတယ်။ သမ္မတရုံးထုတ်ပြန်ချက်တွေ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ တယ်ဆိုပြီး မျှဝေနေတာဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Title:နိုင်ငံတော်အရေးပေါ် ရွေးကောက်ပွဲရလဒ် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့တယ်လို့ သတင်းမှားသတင်းတုဖြန့်
Fact Check By: Nayar MaungResult: False