ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။
ရှည်လျားတဲ့ ပို့စ်တွေမှာ အဓိကအားဖြင့် အရေးပေါ်ဖြစ်ရင် ခေါ်ဆိုနိုင်တဲ့ဖုန်းနံပါတ်၊ အင်တာနက်အသုံးပြုမှု ပိုမိုကောင်းမွန်စေမယ့်နည်းလမ်း၊ အားကုန်နေတဲ့ ဘက်ထရီ ပြန်လည်အားပေးစေတာ၊ ပျောက်သွားတဲ့ ဖုန်းကို ပြန်ရှာနိုင်ဖို့အတွက် စတာတွေကို ဖုန်းရဲ့ ကီးဘုတ်ပေါ်မှာပါတဲ့ ဂဏန်းနဲ့ အထူးသင်္ကေတလေးတွေကို အသုံးပြုပြီး ပြုလုပ်နိုင်တယ်စသည်ဖြင့် အချက်အလက်များစွာ ဖော်ပြထားတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“Mobile ဖုန်းကို ကျွမ်းကျင်စွာ အသုံးပြံတက်စေဖို့
(လိုတဲ့အချိန်သုံးရအောင် ဖတ်ပီးရှဲထားနော်)
*#0011# ဒါလေးကို ရိုက်ထည့်လိုက် ပြီးရင် ဖုန်းကို wifi ပြန်ဖွင့်ပေးပီးစစ်ကြည့်လိုက်ပါ။
ဆွဲအားတက်လာပါ လိမ့်မယ်။
လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။
ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။
ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန်
Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ ရတာ တွေ့ရ ပါတယ်။
ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက် ရှာမှာဖြစ် ပါတယ်။
ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။
့(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။
နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။
ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။”

အချက်အလက်စိစစ်ချက်
ဒီလိုရှည်လျားတဲ့ ဖုန်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ လျှို့ဝှက်ချက်တွေဆိုတဲ့ ပို့စ်ဟာ လူမှုကွန်ယက် အသုံးပြုသူ တွေ အကြား လွန်ခဲ့တဲ့နှစ်များအတွင်းကတည်းက ကြိမ်ဖြန့်များစွာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တမ်း ဒီပြောဆိုထားတဲ့ အချက်အလက်တွေဟာ ဖုန်းတလုံးကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေဖို့ အချက်အလက်တွေ မဟုတ်သလို ယနေ့ စျေးကွက်မှာ အသုံးတွင်ကျယ်တဲ့ ဖုန်းတွေနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။
ဥပမာအားဖြင့် 122 ဟာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ဖုန်းနံပါတ်ဖြစ်ပြီး မှတ်သားထားဖို့လိုတယ်ဆိုတဲ့ အချက်အလက်ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ မတွေ့ရပါဘူး။ 122 ဟာ နိုင်ငံတချို့မှာ အရေးပေါ်နံပါတ်ဖြစ်ပေမဲ့ နိုင်ငံအများအပြားမှာတော့ အရေးပေါ်နံပါတ် မဟုတ်ပါဘူး။ ဒီအပြင် 122 ဟာ ဩစတေးလျမှာ မီးသတ်ဌာနကို ခေါ်ဆိုနိုင်တဲ့ အရေးပေါ် နံပါတ်တခုဖြစ်ပေမဲ့ အီဂျစ်မှာ ရဲဌာနကို ခေါ်တဲ့ အရေးပေါ်နံပါတ်ဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ ယာဉ်ထိန်းရဲဌာနကို ခေါ်ဆိုနိုင်တဲ့ နံပါတ်ဖြစ်တယ်။ keypad ကို သောခတ်တဲ့စနစ်ဟာ စမတ်ဖုန်းတွေ မပေါ်ပေါက်ခင်က keypad ဖုန်းတွေမှာသာ တွေ့ရပြီး ယနေ့ခေတ် စမတ်ဖုန်းတွေမှာ စခရင်ကို သော့ခတ်တဲ့စနစ်သာရှိပါတယ်။

ဒီလိုပဲ *3370# ကိုနှိပ်လိုက်တာနဲ့ ဘက်ထရီအားမရှိတော့တဲ့ ဖုန်းတလုံးဟာ အား တဝက်ပြန်ပြန်ပြည့်လာမယ် ဆိုတဲ့ အချက်ဟာလည်း မမှန်ပါဘူး။ ဒီကုတ်ဟာ တကယ်တမ်းတော့ ဖုန်းအားလုံးနဲ့ သက်ဆိုင်တာမဟုတ်ပါဘူး။ စမတ်ဖုန်းတွေ မပေါ်ခင်က Nokia နဲ့ တခြား keypad ဖုန်းတွေမှာ ဖုန်းအသံ သဲသဲကွဲကွဲမကြားရတဲ့ အခြေအနေမျိုးမှာ အသံအရည်အသွေးမြှင့်ဖို့အတွက် မွန်ဖို့အတွက် အသုံးပြုတဲ့ ကုတ်တခုဖြစ်တာတွေ့ရပြီး ဘက်ထရီကို ပိုမိုအသုံးပြုရတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ပြောဆိုချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တာတွေ့ရပါတယ်။

တခြားသောအချက်အလက်တွေဖြစ်တဲ့ ဖုန်းပျောက်တာကို ရှာဖွေနိုင်တာ၊ ဖုန်းခေါ်ပြီး ကားတခါးကို အိမ်မှာကျန်ခဲ့တဲ့ အဝေထိန်းကိရိယာနဲ့ ဖွင့်နိုင်တာစတာတွေလည်း မှားယွင်းတဲ့ အချက်အလက်တွေနဲ့ ယုံတမ်းစကားတွေပဲဖြစ်တယ်။
သုံးသပ်ချက်
ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေဆိုပြီး ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တွေဟာ မှားယွင်းတဲ့ အချက်အလက်တွေဖြစ်ပြီး တကယ်မဟုတ်ပါဘူး။ ဒီလိုပဲ ကမ္ဘာလုံးဆိုင်ရာအရေးပေါ်ဖုန်းနံပါတ်ဆိုတာ မရှိဘဲ ဥရောပနဲ့ အာရှနိုင်ငံတချို့မှာ 112 နဲ့ အမေရိကနိုင်ငံတွေမှာ 911 ကို အရေးပေါ် ဖုန်းနံပါတ်အဖြစ် အသုံးပြုတာတွေ့ရပါတယ်။
ပြောဆိုချက်- 122 ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ဖုန်းနံပါတ်အပါအဝင် ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ကုတ်တွေ
Title:Fact Check: ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေလား- မဟုတ်ပါ
Fact Check By: နေရာမောင်Result: False

