တပ်တွင်းမှာ ပြဿနာတွေတက်ပြီးနောက် မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦး နုတ်ထွက်သွားတယ်ဆိုပြီး ဗွီဒီယိုတခု “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုရေးသားဖြန့်ဝေမှုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“တပ်တွင်း ပြဿနာတက်နေပြီ
ဒုဗိုလ်ချုပ်ကြီး (၅) ဦး နှတ်ထွက်၊ စစ်ရုံးချုပ်
ပွတ်လောရိုက်နေပြီ”
အချက်အလက်စိစစ်ချက်
ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ မီဒီယာတချို့က သတင်းတွေ ဒါမှမဟုတ် လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားမျှဝေတဲ့ ပို့စ်တွေကို ခေါင်းစဉ်တုတပ်ပြီး ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ချိနေတာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ အခု ဗွီဒီယိုပါအကြောင်းအရာဟာ ဖေ့စ်ဘွတ်အသုံးပြုသူ တဦးရေးသားတဲ့ “ကမ္ဘာစစ် ကြီး ဖြစ်တော့မည်လော ဟု ယောင်ယမ်း မြည်တမ်း နေချိန်မှာ စစ်အုပ်စုက သူ့ အလုပ် သူ အလုပ် မပျက်”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။ ဒီဆောင်းပါးမှာ စစ်တပ်လော်ဘီတွေက တော်လှန်ရေးကို အားပျော့သွားဖို့ ကမ္ဘာစစ်ကြီး ဖြစ်တော့မယ်လို့ လှုံ့ဆော်ပေး လာနေချိန်မှာ စစ်အုပ်စုဟာ တရုတ် လုံခြုံရေး တပ်ဖွဲ့များ နိုင်ငံထဲသွင်းလာနေသလို သူတို့စိတ်ကြိုက် ရွေးကောက်ပွဲရလဒ်တွေ တသွေမတိမ်းဖြစ်လာဖို့ အွန်လိုင်းကနေ မဲပေးစနစ်ဆိုတာကိုလည်း အကောင် အထည်ဖော်နေပြီး အကွက်ကျကျ ခြေလှမ်းပြင်ဆင်လာနေကြောင်းနဲ့ ဒီစနစ်ကို ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတောင် မသုံးသေးတဲ့အကြောင်း သုံးသပ်ရေးသားထားခြင်းဖြစ်တယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ “ပါချုပ်ဆရာတော်ရဲ့မေတ္တာနန္ဒဆေးရုံ(ယက်ကန်းစင်)ကို စစ်တပ်က ဗုံးကြဲ ၊မီးနေသည် ၁ဦးသေဆုံး ပြီး ၁၂ဦး ဒဏ်ရာရ”၊ “ကျောက်ဖြူ တိုက်ပွဲမှာ စစ်သင်တန်းဆင်း မွတ်ဆလင်တွေနဲ့ ပြည်သူ့စစ်မှုထမ်းတွေ ထိခိုက်သေဆုံးမှုများနေ”စတဲ့ သတင်းတွေကိုလည်း ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Yangon Khit Thit”ဟာ မီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတယ်။ မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦး နုတ်ထွက်တယ်ဆိုတဲ့ အထောက်အထားမရှိဘဲ ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး ၅ ဦး နုတ်ထွက်

Title:Fact Check: စစ်တပ်က ဒုဗိုလ်ချုပ်ကြီး ၅ ဦးနုတ်ထွက်တဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False