ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာတချို့က ဖြန့်ဝေနေတာဟာ သတင်းတုတခုသာဖြစ်တာတွေ့ရတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဓာတ်ပုံထဲမှာ လက်ရှိဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းက အရပ်ဝတ်နဲ့ ဦးသန်းရွှေကို လက်ထိပ်ခတ် ဖမ်းဆီးခေါ်လာပါတယ်။ တူညီတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ကြည့်ပါ။
“တပ်တွင်းသတင်း ဦးသန်ရွှေ နဲ့ သိန်းစိန် ကို အကျယ်ချုပ်နဲ့ ဖမ်းလိုက်ပြီတဲ့”

အချက်အလက်စိစစ်ချက်
အခုလို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို အကျယ်ချုပ်ဖမ်းဆီးလိုက်တဲ့ ဒီသတင်းကို ဒီရက်ပိုင်းမှာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေမျှ ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကို ကြည့်မယ်ဆိုရင် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေနေတဲ့ နေရာတခုဖြစ်တာတွေ့ရတယ်။ ဒီစာမျက်နှာတွေရဲ့ တူညီတဲ့အချက်ကတော့ ဒီဖေ့စ်ဘွတ်စာမျက်နှာတွေက တဆင့် ဝက်ဘ်ဆိုဒ်တခုဆီကို မျှားခေါ်ပြီး လူကြည့်များမှုကနေ ဝင်ငွေရှာနေတဲ့ ပုံစံဖြစ်တာတွေ့ရတယ်။
ဓာတ်ပုံကိုကြည့်မယ်ဆိုရင်လည်း ဉာဏ်ရည်တုနည်းပညာ ပလက်ဖောင်းတခုကို အသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံတပုံဖြစ်တာတွေ့ရပါတယ်။

လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စစ်ခေါင်းဆောင်ဟောင်းတွေအကြား ထူးခြားတဲ့ ဆက်ဆံရေးထားရှိပြီး အထူးတင်းကြပ်ထားတဲ့ နေပြည်တော် ခြောက်လုံးတန်း အိမ်ရာစောင့် တပ်ဖွဲ့ဝင်အသစ်တွေ ထပ်မံလဲလှယ်ပြီး ထပ်မံတင်းကြပ်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ၂၀၂၅ ခုနှစ်ထဲမှာ ထွက်ပေါ်ခဲ့ပါတယ်။
ဒီသတင်းထွက်ပေါ်အပြီးမှာပဲ လက်ရှိစစ်ခေါင်းဆောင်ရဲ့ ဆရာရင်းဖြစ်တဲ့ ဒု-တပ်ချုပ်ဟောင်း ဒုတိယ- ဗိုလ်ချုပ်မှူးကြီး မောင်အေးကလွဲလို့ ကျန်တဲ့ ခေါင်းဆောင်ဟောင်းတွေဟာ အိမ်ရာကနေ အပြင်ထွက်ခွာဖို့ အတွက် စစ်ခေါင်းဆောင်ဆီကို ခွင့်တိုင်ရတယ်လို့ ဧရာဝတီသတင်းဌာနက ၂၀၂၅ ခုနှစ် ဧပြီမှာ ရေးသားပါတယ်။
သုံးသပ်ချက်
ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဒီသတင်းကို ဖြန့်ဝေထားတဲ့နေရာတွေဟာ လုပ်ကြံရေးသား ဖြန့်ဝေမှုတွေ လုပ်နေတဲ့ နေရာဖြစ်ပြီး ဓာတ်ပုံဟာလည်း ဉာဏ်ရည်တုနည်းပညာနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံသာဖြစ်တာတွေ့ရတယ်။
Title:Fact Check: ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: Misleading

