လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းယူသွားလို့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ကိုယ့်ကိုကိုယ် သတ်သေသွားတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“မင်းအောင်လှိုင်က ပိုင်ဆိုင်မှု အကုန်သိမ်းသွားလို့
ဗိုလ်ချုပ်သန်းရွှေ မိမိကိုယ်ကိုယ်
သေနတ်ပစ် သတ်သေသွားလို့ လန့်ကုန်ပြီ”

အလားတူပဲ ဒီချန်နယ်က ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသေဆုံးမှု ဗိုလ်ချုပ်ဇော်မင်းထွန်း ကြေညာခဲ့တယ်ဆိုပြီးတော့ ဖြန့်ချိထားတာတွေ့ရတယ်။

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။ မကြာခဏဆိုသလို လုံးဝလုပ်ကြံရေးသားပြောဆိုချက်တွေကိုလည်း ဖြန့်ချိပါတယ်။ ဒီယူကျူ့ချန်နယ်နဲ့ Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း သတင်းတု ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာဟာ တကယ်တမ်းမှာ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြခဲ့တဲ့ “အာဏာရှင်ဟောင်း သန်းရွှေ အကောင်အထည်ဖော်ခဲ့သော စိုက်ပျိုးရေးဇုန် စီမံကိန်းမှ မြေကွက်များ မင်းအောင်လှိုင် ပြန်လည်သိမ်းယူပြီး ဗိုလ်ချုပ်ဟောင်းများ၏ မြေကွက် အများအပြား အသိမ်းခံရ”ဆိုတဲ့ သတင်းကို လိုအပ်သလို ကိုးကားပြောဆိုပြီး အတည်မပြုနိုင်တဲ့ ဦးသန်းရွှေရဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာ၊ အာဏာသိမ်းအဖွဲ့အစည်းက ခေါင်းဆောင်တွေကြားက ပြဿနာ စတာတွေကို ပြောကြားနေခြင်းဖြစ်တယ်။
မူလသတင်းထဲမှာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်သန်းရွှေရဲ့ မြေကွက်တွေ မသိမ်းမခံရဘူးလို့လည်း ဖော်ပြပါတယ်။

သုံးသပ်ချက်
ဗွီဒီယို ဖြန့်ချိထားတဲ့ “Local Celegram ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ လုပ်ကြံရေးသားပြောဆိုချက်တွေကို မကြာခဏ ရောနှော ဖြန့်ဝေလေ့ရှိတဲ့ နေရာဖြစ်တယ်။ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းယူသွားလို့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ကိုယ့်ကိုကိုယ် သတ်သေသွားတယ်ဆိုတာ အထောက်အထားမရှိပါ။
ပြောဆိုချက်- လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းယူသွားလို့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ် ဗိုလ်ချုပ်သန်းရွှေ ကိုယ့်ကိုကိုယ် သတ်သေ

Title:Fact Check: စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ကိုယ့်ကိုကိုယ် သတ်သေတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False