Fact Check: ဒေါ်စုကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်‌ဇော်မင်းထွန်း အသတ်ခံရဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း အဲဒီပွဲက အပြန်မှာပဲ အသတ်ခံရတယ်ဆိုပြီး ဗွီဒီယိုကို  ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ဖြန့်‌ဝေပြီး ၂၄ နာရီအတွင်းမှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။

“ဗိုလ်ချုပ် ဇော်ပင်းထွန်း အသတ်ခံရ 

ဒေါ်စု ကို ခွေးနဲ့ နှိုင်းခဲ့တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း 

သတင်းစာ ရှင်းလင်းပွဲက အပြန်လမ်းမှာ အသတ်ခံရ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ လုံးဝ လုပ်ကြံပြောဆိုတာတွေကို ရောနှော ဖြန့်ချိမှုတွေ ပြုလုပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ခွေးနဲ့ နှိုင်းခဲ့တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း သတင်းစာရှင်းလင်းပွဲက အပြန်မှာ အသတ်ခံရတယ်လို့ ဆိုပေမဲ့  ဒီအကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ 

ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မှာ စစ်တပ်က အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်)နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ နိုင်ငံခြားသတင်းဌာနတွေက  ဌာနေ သတင်းသမားတချို့ရဲ့ မေးမြန်းမှုကို စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စိတ်ဆိုးပြီး ကြိမ်းမောင်းတုန့်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီလိုပဲ မီဒီယာတွေကို အတွေးအခေါ်မရှိသူတွေကို ခပ်ထေ့ထေ့ပြောဆိုချက်တွေလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်း မီဒီယာတွေရဲ့ မေးမြန်းချက် မတွေ့ရသလို စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ခိုင်းနှိုင်းပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထား လည်းမတွေ့ရပါဘူး။ 

ဒီလိုပဲ ဒီသတင်းစာရှင်းလင်းပွဲက အပြန် ဗိုလ်ချပ်ဇော်မင်းထွန်း လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ အထောက်အ ထားလည်း မတွေ့ရပါဘူး။

သုံးသပ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens” ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တွေမှာ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရ သလို သတင်းစာရှင်းလင်းပွဲက အပြန်မှာ လုပ်ကြံခံရပြီး သေဆုံးတဲ့အကြောင်းလည်း မတွေ့ရပါဘူး။

ပြောဆိုချက်- သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း အဲဒီပွဲက အပြန်မှာပဲ အသတ်ခံရ

Avatar

Title:Fact Check: ဒေါ်စုကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်‌ဇော်မင်းထွန်း အသတ်ခံရဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *