သမြားနီ(Stemona curtissi)က ကင်ဆာအမျိုးမျိုးကို ကုသနိုင်ပြီး အိပ်ချ်အိုင်ဗွီ(HIV)ပျောက်ကင်းစေ နိုင်တယ်လို့ ဆိုထားတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ တကယ်တော့ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ တိကျတဲ့ အထောက်အထားမရှိပါဘူး။
ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“သမြားနီ ပျောက်ကင်းသောရောဂါများကတော့ ခေါင်းမူးပြီးအသားအရေမမှန်ခြင်း သွေးကင်ဆာဖြစ်ခြင်း လည်ချောင်းကင်ဆာ ဂရင်ဂျီနာ လိပ်ခေါင်းသွေးကျရောဂါ အစာအိမ်ကင်ဆာ အမျိုးသမီးရောဂါအမျိုးမျိုတို့ကိုပျောက်ကင်းစေပါတယ် ခုခံအားကျဆင်းသည့်ရောဂါ HIVဘီပိုး စီပိုး ကူးစက်တက်တဲ့ပိုးရောဂါတွေလည်းပျောက်ကင်းပါသည် သမြားနီဆေးပင်ဖြင့် HIVရောဂါဝေဒနာရှင်များရှာဖွေပြီး ကုသပေးရာ ရာနှုန်းပြည့်ပျောက်ကင်းကြောင်းလေ့လာတွေ့ရှိရပါတယ်”
အချက်အလက်စိစစ်ချက်
မြန်မာလို သမြားနီလို့ ခေါ်တဲ့ သိပ္ပံအမည် Stemona ဟာ ဒီလိုပျံ့နှံ့နေတဲ့ ပို့စ်တွေမှာပြောထားသလို ကင်ဆာအမျိုးမျိုးနဲ့ ခုခံအားကျဆင်းမှုဖြစ်စေတဲ့ HIV ပိုးကို ပျောက်ကင်းစေတယ်ဆိုပြီး တိကျတဲ့ အထောက်အထားမတွေ့ရပါဘူး။ အထူးသဖြင့် အရှေ့တောင်အာရှမှာ သမြားနီကို ကင်ဆာပျောက်ကင်းစေတဲ့ အယူအဆနဲ့ ကျေးလက်ဒေသအချို့မှာ အသုံးပြုနေကြတာကို တချို့ အချက်အလက်တွေအရ တွေ့ရပေမဲ့ သိပ္ပံနည်းကျ လေ့လာထားတဲ့အထောက်အထားကင်းမဲ့ပါတယ်။
ကင်ဆာဆေးသွင်းကုသရာမှာ ဆေးမတိုးတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် သမြားနီမြစ်ဟာ တွဲဖက် အသုံးပြုရာမှာ ထိရောက်မှုရှိတယ်ဆိုပြီးတော့ ၂၀၀၇ ခုနှစ် ဇူလိုင်မှာ သုတေသန စာတမ်းတခု တွေ့ရပြီး ဒီသမြားနီပင်နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ လုပ်နေတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ကင်ဆာကို ကုသပျောက်ကင်းစေတယ်ဆိုတဲ့ ပြောဆိုမှုမဟုတ်တာတွေ့ရပါတယ်။ လက်ရှိအချိန်အထိလည်း ဒီအပင်ကို သိပ္ပံနည်းကျ ကင်ဆာကုသမှုတွေမှာ အသုံးပြုနေတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။
“S. curtisii Hook ။ ထိုင်းတောင်ပိုင်းနှင့် အရှေ့မြောက်ဒေသတွင် တွေ့ရသော ပေါင်းမြက်ပင်မျိုးဖြစ်သည်။ ဤအပင်ကို “Non Tai Yak” ဟု ထိုင်းဘာသာစကားဖြင့် လူသိများပြီး ထိုင်းကျေးလက်နေပြည်သူများ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ကင်ဆာရောဂါများကို ကုသရာတွင် အသုံးဝင်သော ဆေးဖက်ဝင်အပင်အဖြစ် ကာလကြာရှည် အသုံးပြုခဲ့ကြသော်လည်း ယင်းအဆိုကို အတည်ပြုရန် သိပ္ပံနည်းကျ လေ့လာမှုများ မပြုလုပ်ရသေးပေ။”
မြန်မာဘာသာအသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဒီပြောဆိုချက်တွေဟာ အထောက်အထားမရှိဘဲ မှားယွင်းကြောင်း ၂၀၂၃ ခုနှစ်ထဲမှာ AFP က အချက်အလက်စိစစ်ဖော်ပြခဲ့ဘူးတယ်။ ဒီလိုပဲ တိုင်းရင်းဆေးဆရာကို ကိုးကားပြီး မဇ္ဈိမသတင်းဌာနကအချက်အလက်စိစစ်မှုမှာလည်း ဒီပြောဆိုချက်တွေဟာ မှားယွင်းကြောင်းဖော်ပြခဲ့ဖူးတယ်။
သုံးသပ်ချက်
သမြားနီကို အဆိပ်အတောက်ဖြေဆေး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ပိုးသတ်ဆေးနဲ့ ခြင်ဆေးအဖြစ် အရှေ့တောင် အာရှနိုင်ငံတချို့က ကျေးလက်ဒေသတွေမှာ အသုံးတွင်ကျယ်ပြီး ကင်ဆာကုသဆေး အဖြစ်လည်း ဆေးမီးတိုအဖြစ် အသုံးပြုနေကြပါတယ်။ ဒီအပင်နဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျလေ့လာမှု တွေရှိထားပေမဲ့ ကင်ဆာနဲ့ အိပ်ချ်အိုင်ဗွီ ပျောက်တယ်ဆိုတာ သိပ္ပံနည်းကျ ထောက်ခံ အတည်ပြုချက်မရှိပါဘူး။
ပြောဆိုချက်- သမြားနီက ကင်ဆာအမျိုးမျိုးကို ကုသနိုင်ပြီး အိပ်ချ်အိုင်ဗွီပျောက်ကင်းစေနိုင်တယ်

Title:Fact Check: သမြားနီက ကင်ဆာနဲ့ အိပ်ချ်အိုင်ဗွီရောဂါတွေ ကုသနိုင်လား- အထောက်အထားမရှိပါ
Fact Check By: နေရာမောင်Result: False