အာဏာသိမ်းအပြီး ရက်အနည်းငယ်ကတည်းက ထုတ်ပြန်ခဲ့တယ်လို့ဆိုထားတဲ့ လူတယောက် ဖိနပ်တရံထက် ပိုရင် ဧည့်စာရင်းစစ်ဆေးခံရမယ်လို့ အမိန့်ထုတ်ခဲ့ တယ်ဆိုတဲ့ အမိန့်စာတခု ယခုရက်ပိုင်း ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု ပြန်လည် အားကောင်းနေတယ်။ သတင်းမှား တခုသာဖြစ်တယ်။
၂၀၂၁ ခုနှစ် မတ် ၁၀ ရက်စွဲနဲ့ ဒီအမိန့်ကြေညာမှာ ဧည့်စာရင်းရှောင်တခင် စစ်ဆေးမိန့်အရ အိမ် တစ်အိမ်မှာ လူတဦး ဖိနပ်တရံသာရှိရမည်ဖြစ်ပြီး လူဦးရေထက် ဖိနပ်အရံရေပို နေသည်ကို စစ်ဆေးတွေ့ရှိပါက အိမ်ထဲသို့ ဝင်ရောက်ရှာဖွေခံရမည်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ပြန်ထားတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉၊ ပုဒ်မ ၁၃၊ ပိုဒ်ခွဲ (ဆ) အရ “အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမှ ညဉ့်အိပ်ညဉ့်နေ လာရောက်တည်းခိုသော ဧည့်သည် များအတွက် ဧည့်စာရင်း တိုင်ကြားခြင်းကို လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်လျှင် အရေးယူခြင်း” ဟုဖြည့်စွက်ထားပါသည်။ ယင်းပုဒ်မ အရ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးအမိန့်ကို ချမှတ် လိုက်သည်။ ယင်းအမိန့်အပြည့်အစုံမှာ အိမ် တစ်အိမ်တွင် ညအချိန် လူတစ်ဦးလျှင် ဖိနပ်တစ်ရံသာရှိရမည်။ လူဦးရေထက် ဖိနပ်အရံရေပို နေသည်ကို စစ်ဆေးတွေ့ရှိပါက အိမ်ထဲသို့ ဝင်ရောက်ရှာဖွေသွားရမည်။ အိမ်ရှင်အနေဖြင့် ဥပဒေ နှင့်အညီ လာရောက်ရှာဖွေသူများကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခွင့်ပြုရမည်။”

အချက်အလက်စိစစ်ချက်
ဒါပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တွေမှာ အဲဒီလို အိမ်တအိမ်ကို ရှာဖွေဖို့ တိုင်းတာမှုအဖြစ် နေအိမ်ပြင်ပကနေ ဖိနပ်အရေအတွက်ကို အရင်ကြည့်ရမယ်ဆိုတဲ့ တရားဝင် အမိန့်ကြေညာ ချက်မရှိခဲ့ပါဘူး။ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေမှာလည်း ဒီစာသားတွေပါဝင်တဲ့ အမိန့်အမှတ် ၅၉/၂၀၂၁ ဆိုပြီး မှတ်တမ်းတင်ထားတာ မတွေ့ရပါဘူး။
စစ်ကောင်စီရဲ့ အမိန့်အမှတ် ၅၉/ ၂၀၂၁ ဟာ စစ်အာဏာသိမ်းအပြီး ၁၂ ရက်အကြာမှာ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသားခွင့် ပေးခဲ့တဲ့ အမိန့်ကြေညာဖြစ်တာတွေ့ရတယ်။

ဒီလိုပဲ ဥပဒေအမှတ် ၅၉/၂၀၂၁ ဆိုပြီး စစ်ကောင်စီက ၂၀၂၁ ခုနစ် အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ တာတွေ့ရပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရဝန်ကြီးရုံးကနေ ပြည်ထဲရေး ဝန်ကြီးလက်အောက် ပြန်လွှဲပေးတဲ့ ဥပဒေပြင်ဆင်ထုတ်ပြန်ချက်ဖြစ်တာတွေ့ရတယ်။
၂၀၂၁ ခုနှစ်ကတည်းက ဒီလိုပြောဆိုမျှဝေနေကြတဲ့ ရှောင်တခင် ဧည့်စာရင်းစစ်ဆေးအမိန့်ဆိုတဲ့ကြေညာဟာ အတုသာဖြစ်ကြောင်း မဇ္ဈိမသတင်းဌာနက ၂၀၂၂ ခုနှစ်ထဲမှာ အချက်အလက်စစ်ဆေးဖော်ပြခဲ့ပြီးဖြစ်တာလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကိုလိုနီခေတ် ဧည့်စာရင်းဥပဒေဟာ ခေတ်အဆက်ဆက် အစိုးရတွေ လက်ခံကျင့်သုံးခဲ့ပြီး စစ်အာဏာရှင်တွေ လက်ထက် မှာလူထုကို ဖိနှိပ်ရာမှာ အသုံးတွင်ကျယ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီးမှာ ၄င်းတို့ကို ဆန့်ကျင် ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးပြီး ညစဉ် ဧည့်စာရင်းစစ်ဆေးမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ချိန်မှာပဲ လူမှုကွန်ယက် အသုံးပြုသူ တွေအကြား ဒီစာဟာ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး သရော်လှောင် ပြောင်ဖို့ ရည်ရွယ်ခဲ့ဟန်ရှိပေမဲ့ မရယ်ရတဲ့ အမှန်တရား တခုဖြစ်ခဲ့ပါတယ်။
သုံးသပ်ချက်
စစ်ခေါင်းဆောင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တယ်ဆိုတဲ့ လူတယောက် ဖိနပ်တရံထပ်ပိုပြီး တွေ့ရရင် အိမ်ထဲကို ဝင်ရောက်ရှာဖွေမယ်ဆိုတဲ့ ရှောင်တခင် ဧည့်စာရင်းစစ်ဆေးအမိန့်ကြေညာ ချက်ဟာ သရော်လှောင်ပြောင်ထားတဲ့ အတုပြုလုပ်ချက်တခုသာဖြစ်တယ်။ စစ်ကောင်စီက ဒီလိုထုတ်ပြန်ခဲ့တဲ့ အထောက်အထားမရှိပါဘူး။

