
COVID-19 ရောဂါဖြစ်ပွားမှုများပြားနေတဲ့ တောင်ဉက္ကလာပမြို့နယ်အပါအဝင် မြို့နယ် ၇ ခုမှာ နေအိမ်အတွင်း သာနေထိုင်ရန်နဲ့ လူနှစ်ဉီးထက်ပိုပြီးသွားလာခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကန့်သတ် ထားချိန်မှာ ဧပြီ ၁၉ ရက်ညပိုင်းက လူစုလူဝေးဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ဒီအခြေအနေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုအပေါ် အမျိုးမျိုးကထင်မြင်ချက်တွေပေးပြီး မျှဝေနေကြတာ တွေ့ရပါတယ်။
“19.4.2020 ညကဖြစ်သည်။nld အစိုးရ၏ဝူဟန်ကပ်ဘေးကိုအသုံးချပြီးနိုင်ငံရေးအမြတ်ထုတ်နေမှုများ ညမထွက်ရအမိန့်ထုတ်ပြီးကုလားများကိုခိုးသွင်းနေသည်။ 19-4-2020 နေ့ညက ငမိုးရိပ်ချောင်းအတိုင်းစက်လှေ (၂)စီးနှင့်ဝင်လာတဲ့ ဘင်္ဂလီ (၂၀၀)ကျော်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏ တိုက်ရိုက်ကွပ်ကဲမှု့ဖြင့်လက်စပျောက် သွားဘီဟု အမည်မဖော်လိုသော NLD ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်က RFM သို့ပြောကြားသည်” ဆိုပြီးတော့ ပို့စ်တစ်ခုကို “Ko Mar Ga” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေလာတာတွေ့ရပါတယ်။

“May Yoon Eaint”၊ “Mrhteinlin”စတဲ့အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေကလည်း ဗွီဒီယိုဖိုင်ကိုအောက်ပါ အတိုင်းမျှ ဝေလာတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ ငမိုးရိပ်ချောင်းထဲကနေ သူခိုးတွေ ဓားပြတွေ ဝင်လာ တာဆိုပြီးတော့ ဗွီဒီယိုထဲမှာ တစ်စုံတစ်ယောက်က ပြောကြားပါတယ်။

အချက်အလက်စိစစ်ချက်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တောင်ဉက္ကလာပ မဲဆန္ဒနယ်အမှတ်(၂)က ဒေါ်သစ်သစ်မြင့်က ဘင်္ဂလီခိုးဝင် လာသူတွေဖမ်းမိဆိုတဲ့ သတင်းဟာ သတင်းမှားဖြစ်ကြောင်း Fact Crescendo Myanmar ကို အတည်ပြုပါတယ်။
“မဟုတ်ဘူးပါဘူး။ အဖြစ်မှန်က သဲခိုးထုတ်တဲ့လှေပါ။ အဲဒါက အမြဲတမ်းဖြစ်တတ်ပါတယ်။ မြောက်ဒဂုံကလည်း ဖမ်းထားပြီးပါပြီ ၃ ယောက်” ဆိုပြီးတော့ ဒေါ်သစ်သစ်မြင့်က ပြောပါတယ်။
မြောက်ဒဂုံ မဲဆန္ဒနယ်အမှတ်(၂)က ဉီးနိုင်ဇော်လင်းကလည်း အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဘင်္ဂလီတွေ ခိုးဝင်လာ တယ်ဆိုတဲ့အချက်အလက်ဟာ မှန်ကန်မှုမရှိဘူးလို့ ပြောပါတယ်။
“ကျွန်တော်သိရတာကတော့ မဟုတ်ဘူး။ အဲဒါက လုပ်ကြံထားတဲ့သဘောရှိတယ်။ဒါပေမဲ့ သူရေးထားတဲ့ဟာက အဲဒီဖြစ်စဉ်တော့မဟုတ်ဘူး”လို့ ဉီးနိုင်ဇော်လင်းကပြောပါတယ်။
အလားတူ ဒီဗွီဒီယိုပျံ့နှံ့ပြီး သိပ်မကြာခင်မှာပဲ တောင်ဒဂုံ မဲဆန္ဒနယ်အမှတ်(၁)က ဉီးညီညီကလည်း ဘင်္ဂလီ ၁၀၀ မြောက်ဒဂုံ ငမိုးရိပ်ချောင်းက တက်လာတဲ့ကိစ္စ မဟုတ်ကြောင်း ရှင်းလင်းထားပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်မှာ ငမိုးရိပ်ချောင်းအတွင်း သဲခိုးထုတ်တဲ့ သူတွေကို သတင်းပေးတိုင်တန်းရာကနေ လူစုလူဝေးဖြစ်ပေါ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ဖြစ်ပြီး ဘင်္ဂလီတွေ ခိုးဝင်လာ တယ်ဆိုတာ သတင်းမှားသာဖြစ်ပါတယ်။

Title:ငမိုးရိပ်ချောင်းထဲကနေ ဘင်္ဂါလီတွေဝင်လာတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False