Fact Check: အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်းတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်း လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  

“‌ဒေါ်စု ဖမ်းဝရမ်း ပြန်ရုတ်သိမ်း

အမေရိကန်နဲ့ ကုလ ကန့်ကွက်လို့  ပြန်ရုတ်သိမ်းပြီ

စစ်ခေါင်းဆောင်များကိုသာ ဖမ်းဆီးဖို့အင်တာပို လက်ခံ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင်တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနကို တုပထားတဲ့ ချန်နယ်တခုလည်းဖြစ်ပါတယ်။ ဒီလို တုပထားတဲ့ ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာ နိုင်ငံရေးခေါင်း‌ဆောင်တွေကို စနစ်တကျ သတ်ဖြတ်ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ တန်းတူထားပြီး ဖမ်းဝရမ်းထုတ်တာဟာ မဆီလျှော်တဲ့အကြောင်းနဲ့ စစ်တပ်ရဲ့ တာဝန်ခံမှုကို လျော့ပေါ့အောင်လုပ်ရာ ကျတဲ့အကြောင်း အတွေးအမြင်ဆောင်းပါး တခုကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ တကယ်တမ်းမှာ  ၂၀၁၇ ခုနှစ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအပေါ် အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ ထိုစဉ်က တရားဝင် ကျင့်သုံးခဲ့သော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ (ခ)၊ (ဂ) အရ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်သာလျှင်ဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှု၊ပြစ်ဒဏ်အားလုံးအတွက် ခြွင်းချက်မရှိ တာဝန်ယူ၊ တာဝန်ခံရမည့်သူများမှာ မင်းအောင်လှိုင်နှင့် အပေါင်းအပါများသာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း NUG က မနေ့က ငြင်းချက်ထုတ်ပါတယ်။ ဒီကနေ့မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားတရားရုံး၏ ဖမ်း၀ရမ်းမှ ဖယ်ထုတ်နိုင်ရေး လုပ် ဆောင်သင့် လုပ်ဆောင်ထိုက်သည့် နည်းလမ်းများအားလုံးကို NUGက အသုံးပြုမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနကရေးသားပါတယ်။

သုံးသပ်ချက်

အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်း လိုက်ပြီဆိုတာ မဟုတ်ပါ ဘူး။ “Khit Thit Media” အမည်နဲ့ ယူကျူ့ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနအမည်ကို တုပထားပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင်တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။

Avatar

Title:Fact Check: အမေရိကန်နဲ့ ကုလသမဂ္ဂကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဝရမ်း နိုင်ငံတကာရဲတပ်ဖွဲ့ ရုပ်သိမ်းတဲ့ သတင်းတု

Written By: နေရာမောင်  

Result: False