အီရန်က စောင့်ကြည့်ကင်မရာတွေကို အသုံးပြုပြီး တိုက်ခိုက်မှာ စိုးရိမ်ပြီး အစ္စရေးက စောင့်ကြည့် ကင်မရာတွေ လိုက်လံဖြုတ်ပစ်နေတယ်လို့ ပြောဆိုဖြန့်ဝေနေတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ ယူနီဖောင်းဝတ် လုံခြုံရေးတဦးလို့ ယူဆရတဲ့ သူက စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီး နေတာကို ဒီဗွီဒီယိုထဲမှာ တွေ့ရတယ်။ ဒီ စောင့်ကြည့်ကင်မရာတွေ ဖျက်ဆီးနေတဲ့ ဗွီဒီယိုဟာ ၂၀၂၅ ခုနှစ်အတွင်းက အစ္စရေးမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တခုက ဖြစ်ပြီး လက်ရှိ စစ်ပွဲနဲ့ သက်ဆိုင်ခြင်း မရှိတာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ vdo တွေအရ Israel ရဲတပ်ဖွဲ့တွေဟာ Iran မှ ပစ်ခတ်သော မစ်ဆိုင်းများ Israel ကို ထိမှန်သည့် အထောက်အထားများကို ကမ္ဘာတစ်ဝှမ်း မပျံ့နှံ့အောင် လုံခြုံရေးကင်မရာများကို ဖျက်ဆီးပြီး သတင်းအမှောင်ချဖို့ ကြိုးစားနေကြတာ တွေ့ရတယ်။
စစ်ပွဲစကတည်းကလည်း Israel အာဏာပိုင်များဟာ မစ်ဆိုင်း ထိမှန်သည့် နေရာများကို သတင်းမီဒီယာများ မရိုက်ကူးရန် ကန့်သတ်ထားပြီး ဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ အီရန်ရဲ့ မစ်ဆိုင်းဒုံး များဟာ Israel ရဲ့ စစ်ရေးနေရာများ၊ စစ်ဘက်ဆိုင်ရာအဆောက်အအုံများကို ထိသလား မထိသလား ကို သတင်းမီဒီယာတွေကတဆင့် သိရှိသွားပြီး သူတို့ရဲ့ လက်နက်တွေဟာ Israel နယ်မြေအတွင်းက လိုချင်တဲ့ ပစ်မှတ်တွေကို တိတိကျကျ ရောက်မရောက် မသိရှိအောင် CCTV record တွေကို တားမြစ်ခြင်းဖြင့် ရန်သူ အီရန်ဘက်ကို သတင်းမရောက်အောင် အဓိကထား တားမြစ်ခြင်းလို့ ဆိုပါတယ်။”

နောက်ထပ် ဖြန့်ဝေမှုတခုမှာတော့ တရုတ်ထုတ်စောင့်ကြည့်ကင်မရာတွေက တဆင့် အချက်အလက်တွေရပြီး အီရန်က တိုက်ခိုက်လာနိုင်တာကြောင့် အစ္စရေးမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာတွေကို လိုက်လံဖြုတ်ချနေတာလို့ ဆိုထားတယ်။

အချက်အလက်စိစစ်ချက်
ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပါ မြင်ကွင်းတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၅ ခုနှစ်ထဲမှာကတည်း ဗွီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရတယ်။ ဒီဗွီဒီယိုကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်က အစ္စရေးရဲတပ်ဖွဲ့ အင်စတာဂရမ်မှာ ဖော်ပြခဲ့တာတွေ့ရပြီး ရာဇ၀တ် အဖွဲ့အစည်းတွေ တပ်ဆင်ထားတဲ့ ကင်မရာတွေကို ဖယ်ရှားနေတယ်လို့ ရေးသားထားတာတွေ့ရတယ်။
အောက်ပါစခရင်ရှော့ကကကတော့ မူလ ဟီးဘရူးဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုထားခြင်းဖြစ်တယ်။ (မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုချက်စာသားကို အောက်မှာကြည့်ပါ)
“ဒေသခံများအတွက် အုပ်ချုပ်မှုရေးနှင့် တရားဥပဒေစိုးမိုးရေး
အနောက်ဂါလီလီရဲစခန်းမှ ရဲများသည် ရာဇ၀တ်မှုအဖွဲ့အစည်းများ တပ်ဆင်ထားသော ကင်မရာများနှင့် အများပြည်သူနေရာများ၏ အားနည်းချက်ဖြစ်စေသဖြင့် ဆက်လက်ဖြုတ်ချနေပါသည်။”

၂၀၂၆ ခုနှစ် အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်မှုမှာ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်
သုံးသပ်ချက်
အများပြည်သူကို စောင့်ကြည့်နိုင်တဲ့နေရာမှာ ရာဇ၀တ် အဖွဲ့အစည်းတွေ စောင့်ကြည့်ကင်မရာတွေကို တပ်ဆင်ထားလို့ အစ္စရေးရဲတပ်ဖွဲ့ က ၂၀၂၅ ခုနှစ်ထဲမှာ လိုက်လံ ဖြုတ်ချနေတဲ့ ဗွီဒီယိုဖြစ်တယ်။ လက်ရှိဖြစ်ပွားနေတဲ့ ၂၀၂၆ ခုနှစ် အစ္စရေး၊အမေရိကန်နဲ့ အီရန်အကြား စစ်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရတယ်။

