မြစ်ကြီးနားလေဆိပ်ကို တိုက်ခိုက်မှုအတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ် ၃ ဦး အပါအဝင် ၁၂ ဦး သေဆုံးတယ် လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့နဲ့ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ ဒီတိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က လုပ်ခဲ့တာလို့လည်း ဆိုထားတယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“မြစ်ကြီးနားလေဆိပ် KIA ဆော်ပြီ
ထိပ်ပိုင်း စစ်ဗိုလ်ချုပ်(၃)ဦးပါဝင်(၁၂) သေဆုံး
မြစ်ကြီးနား လူကြီးခရီးစဉ် လေဆိပ်ရောက်ရောက်ချင်း KIA
တိုက်ခိုက်၊ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်(၃)ဦးပါဝင်(၁၂)ဦး သေဆုံး” (မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
မြစ်ကြီးနားလေဆိပ်မှာ MNA လေကြောင်းလိုင်းလေယာဉ်တစီး ဒရုန်းထိမှန်ခဲ့တယ်ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာတော့ KIA နဲ့ PDF ကတိုက်ခိုက်ခဲ့တာလို့ဖော်ပြပါတယ်။ ဒါပေမဲ့ KIA ကတော့ ဒီလိုတိုက်ခိုက်ခဲ့တာမရှိဘူးလို့ ငြင်းဆိုပါတယ်။ (ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ)
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Ah ping”ဖေ့စ်ဘွတ်စာမျက်နှာနဲ့ နဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိတယ်။။
အခုလည်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ သတင်းဟာ ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရတဲ့ သတင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ ဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာဖြစ်စေ သီးခြားလွတ်လပ်တဲ့ မီဒီယာတွေမှာဖြစ်စေ လေယာဉ်အမြီးပိုင်း ထိခိုက်မှုရှိပေမဲ့ လူ ထိခိုက်သေဆုံးမှု မရှိတဲ့ အကြောင်းဖော်ပြပါတယ်။
သုံးသပ်ချက်
ပြောဆိုချက်ကို အခုလိုပဲ လုပ်ကြံရေးသားပြောဆိုမှုတွေ လုပ်လေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေက ဖြန့်ချိထားခြင်းဖြစ်တာတွေ့ရတယ်။ ဖေဖော်ဝါရီ ၂၀ ရက်က မြစ်ကြီးနားမှာ ဒရုန်းကျရောက်ပေါက်ကွဲမှုကြောင့် MNA လေကြောင်းလိုင်းက လေယာဉ်တစီးအမြီးပိုင်း ထိခိုက်ခဲ့ပေမဲ့ စစ်ဗိုလ်ချုပ်တွေ အပါအဝင် ထိခိုက်သေဆုံး တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။
ပြောဆိုချက်- မြစ်ကြီးနားလေဆိပ် KIA တိုက်ခိုက်မှု ထိပ်ပိုင်း စစ်ဗိုလ်ချုပ် ၃ ဦးပါဝင် ၁၂ ဦးသေဆုံး
Title:Fact Check: မြစ်ကြီးနားလေဆိပ် KIA တိုက်ခိုက်မှု ထိပ်ပိုင်း စစ်ဗိုလ်ချုပ် ၃ ဦးအပါအဝင် ၁၂ ဦးသေဆုံးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

