
ကျပ်ငါးထောင်တန်ထီးကို ဒေါ်လာ ၁ သန်းနဲ့ လေလံတင်တဲ့ ပန်ဆယ်လိုကို ဝေဖန်ခံနေရလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီပို့စ်မှာ ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် မေ ၅ ရက်စွဲနဲ့ သတင်းရေးသားဖော်ပြထားဟန်ရှိပြီး screenshot တစ်ခုလည်းပါဝင်ပါတယ်။
တကယ်တော့ အတုအယောင်ပြုလုပ်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ ဧရာဝတီသတင်းဌာနက မေ ၅ ရက်စွဲနဲ့ သတင်းဖော်ပြချက်မှာ ပန်ဆယ်လိုအကြောင်းမပါဝင်သလို ထီးအကြောင်းလည်းမပါဝင်ပါဘူး။
“Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ထီးတစ်လက် ငါးထောင်ပဲ ရှိတဲ့ဟာကို ။”လို့ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဆုံး ဧရာဝတီသတင်းဌာနရဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်လေ့လာကြည့်ရာမှာ ၂၀၂၂ ခုနှစ် မေ ၅ ရက်စွဲနဲ့ သတင်းဖော်ပြချက်တွေမှာအခုသတင်းမတွေ့ရပါဘူး။ ၂၀၂၂ ခုနှစ် မေ ၅ ရက်စွဲနဲ့ ဖော်ပြခဲ့တဲ့ သတင်းတွေထဲမှာ “မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက် NUG ကြိုဆို”၊ “ထိုင်း လောင်စာဆီဈေးမြင့်တက်မှုကြောင့် ထိုင်းကုန်ပစ္စည်းများ ဈေးတက်လာနိုင်”၊ “ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များ ရိက္ခာပြတ်နေ”စတဲ့ သတင်းတွေ တွေ့ရပြီး အတွေးအမြင်အနေနဲ့“အသွင်သစ် နွေဦးတော်လှန်ရေး၏ ထူးခြားချက် ၁၀ ချက်”၊ “အကျင့်ပျက် စစ်ဗိုလ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်စားသတဲ့လား”စတဲ့ဆောင်းပါးတွေ တွေ့ရပါတယ်။
ယခုပြုလုပ်ထားတဲ့ screenshot ဓာတ်ပုံဟာ “မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ ပြောဆိုချက် NUG ကြိုဆို”ဆိုတဲ့သတင်းကို စမတ်ဖုန်းပေါ်ကနေ ကြည့်ရင် မြင်ရတဲ့ မြင်ကွင်းနဲ့တူညီတာကိုလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Irrawaddy | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဧရာဝတီသတင်းဌာနကဖော်ပြဟန်နဲ့ ပန်ဆယ်လို ထီးလေလံကိစ္စကို အတုအယောင်ပြုလုပ်ပြီး သတင်းမှားဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: ကျပ်ငါးထောင်တန်ထီးကို ဒေါ်လာ ၁ သန်းနဲ့ လေလံတင်တဲ့ ပန်ဆယ်လိုကို ဝေဖန်ဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Nayar MaungResult: False