
ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံအထိ ခံစားရမယ့် ငလျင်ကြီး ထပ်မံလှုပ်ခတ်မယ်လို့ပြော ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်တယ်။ ငလျင် ဘယ်အချိန်လှုပ်မယ်ဆိုတာ တိတိကျကျခန့်မှန်းနိုင်တဲ့ အထောက်အထားမရှိပါဘူး။
အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ ဒီဗွီဒီယိုထဲမှာ ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက် ၁၂ နာရီ ၂၁ မိနစ်မှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မလေးရှား ၅ နိုင်ငံလုံး ခံစားရမယ့် ငလျင်ကြီးလှုပ်မယ်လို့ ပြောဆိုထားပါတယ်။
မူရင်းလင်ခ့် – Facebook link | Archive link
အချက်အလက်စိစစ်ချက်
နားလည်မှု လွဲစေနိုင်တဲ့ သတင်းတုသတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ လက်ရှိနည်းပညာနဲ့ သိပ္ပံပညာရပ်တွေအရ ငလျင်သိပ္ပံပညာရှင်တွေဟာ ငလျင်ကို ကြိုတင်ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။ အမေရိကန်ဘူမိသိပ္ပံဌာန USGS အပါအဝင် တခြားသော သိပ္ပံပညာရှင်တွေဟာ ငလျင်ဘယ်တော့ လှုပ်မယ်လို့ အတိအကျ မပြောနိုင်ဘူးလို့ အတိအလင်းဖော်ပြထားပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကမ္ဘာမှာလှုပ်ခတ်ခဲ့တဲ့ ငလျင် မှတ်တမ်းတွေကို လေ့လာပြီး ပြတ်ရွေကြောတလျှောက် လာမယ့်နှစ်များအတွင်းမှာ ငလျင်လှုပ်နိုင်ခြေရှိမရှိတော့ ယေဘုယျ အားဖြင့် ခန့်မှန်းနိုင်ကြလို့ USGS ကဆိုပါတယ်။
ဒီလိုပဲ မြန်မာနိုင်ငံ ငလျင်ကျွမ်းကျင်သူတွေကလည်း အခုလှုပ်ခဲ့တဲ့ စစ်ကိုင်းငလျင်နဲ့ ပတ်သက်လို့ ငလျင်တွေ လှုပ်ခတ်နိုင်ခြေရှိတယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ခန့်မှန်း ပြောဆိုခဲ့ကြပြီးဖြစ်တယ်။
သုံးသပ်ချက်
ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံအထိ ခံစားရမယ့် ငလျင်ကြီး ထပ်မံလှုပ်ခတ်မယ်ဆိုတာဟာ နားလည်မှုလွဲစေနိုင်တဲ့ အထောက်အထားမဲ့ပြောဆိုချက်ဖြစ်တယ်။ တကယ်တမ်းမှာ ငလျင်လှုပ်မယ့် အချိန်အတိအကျနဲ့ ပြင်းအားဘယ်လောက်နဲ့ လှုပ်ခတ်မယ်ဆိုတာကို လက်ရှိအချိန်အထိ ငလျင်ကျွမ်းကျင်သူ တွေအပါအဝင် ငလျင်သိပ္ပံပညာရှင်တွေက ခန့်မှန်းလို့မရနိုင်ကြောင်း ဝန်ခံထားပါတယ်။

Title:Fact Check: ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံအထိ ခံစားရမယ့် ငလျင်ကြီးထပ်လှုပ်မယ်ဆိုတဲ့ သတင်းမှား
Written By: Zun ZeeResult: Misleading