Fact Check: ကမ်းခြေကို လှိုင်းရိုက်နေတဲ့ ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို တိုက်ဖွန်းမုန်တိုင်း ဟိုင်ယန်ဝင်‌ရောက်စဉ်က ပုံဖြစ်တယ်

Partly False လူမှုရေး

အမျိုးအစား ၅ မုန်တိုင်းအဆင့်ရှိ ဖျက်အားပြင်း မိုခါမုန်တိုင်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက တဆင့် မြန်မာနိုင်ငံကုန်တွင်းပိုင်းကို မေ ၁၄ ရက်မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာမှာ ဒီမုန်တိုင်းသတင်းနဲ့အတူ သတင်းဓာတ်ပုံ အမှားအချို့လည်း ပျံ့နှံ့ခဲ့တာ Fact Crescendo Myanmar က သတိပြုမိပါတယ်။  ဒီမုန်တိုင်းကြောင့် စစ်တွေတမြို့လုံးနီးပါး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လောလောဆယ် ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်မှုအသေးစိတ်ကို မသိရသေးပါဘူး။

အောက်ဖော်ပြပါ ဓာတ်ပုံကတော့ မုန်တိုင်းနဲ့အတူဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ဓာတ်ပုံတစ်ပုံဖြစ်တယ်။ ဓာတ်ပုံနဲ့အတူဖော်ပြထားတဲ့ စာသားတွေကတော့ အောက်ပါအတိုင်းဖြစ်တယ်။

 “ဒီအတိုင်းသာဆို စစ်တွေ တစ်မြို့လုံး နီးပါး ရေဖုံးတော့မယ်

“မိုခါ” မုန်တိုင်းက စစ်တွေ နဲ့ မိုင် ၃၀ အကွာမှာ ရောက်နေပြီ

ဆက်သွယ်ရေး စနစ်တွေ ပြတ်တောက်သွားပါပြီ။ MPT Telenor အော်ရီဒူး မရတော့ပါ

ကယ်ဆယ်ရေးတွေ ကိုယ်တိုင် အသက်လုနေရ

အစိုးရက အနီရောင်အဆင့် ကြေငြာခဲ့ပါတယ်။ လုံးဝ အနီရောင်ကနေ မလျှော့ခဲ့တာ သတိထားမိပါတယ်။ 

အနီအဆင့်ကြောင့် ရှောင်တိမ်းသွားကြတာ မြို့နေလူထုရဲ့ ၂၀ ရာခိုင်နှုန်းတဲ့ 

မုန်တိုင်းကြောင့် ဒီရေက ၁၆ ပေထိ မြင့်တက်နိုင်တယ်လို့ ကြေငြာထား

“မိုခါ” က ရခိုင်ကမ်းရိုးတန်း၊ မကွေး၊ ချင်း၊ စစ်ကိုင်းနှင့် ရှမ်းပြည် မှ လူပေါင်း (၁၇) သန်းဝန်းကျင် ထိခိုက်နိုင်သည်တဲ့

ကံသာအားကိုးရာပဲ။ ကံကောင်းကြပါစေ”

မူရင်းလင်ခ့် – Fb link | Archive link

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံ ၇ ပုံအနက် တစ်ချို့သော ဓာတ်ပုံတွေဟာ မေ ၁၄ ရက်က စစ်တွေမှာ မုန်တိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပေမဲ့ လှိုင်းလုံးတွေ ကမ်းရိုးတန်းက အိမ်တွေကို ရိုက်နေတာကို ရိုက်ကူး ထားတဲ့ ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံမှာ အမျိုးအစား ၅အဆင့်ရှိတဲ့ တိုက်ဖွန်းမုန်တိုင်း ဟိုင်ယန်(Haiyan)ဝင်ရောက်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။

သတင်းဓာတ်ပုံရောင်းဝယ်ရေး ဝက်ဘ်ဆိုဒ် istockphoto.com မှာ ဓာတ်ပုံအညွှန်းကို အောက်ပါအတိုင်း ရေးသားထားပါတယ်။

“Laguna de bay၊ ဖိလစ်ပိုင် – နိုဝင်ဘာ ၈ ရက်၊ ၂၀၁၃ ခုနှစ် – အမျိုးအစား ၅ ဟာရီကိန်းမုန်တိုင်း နှင့်ညီမျှသော Haiyan သည် ဒေါသကိုဖောက်ထုတ်လိုက်သောကြောင့် ဖိလစ်ပိုင်နိုင်ငံသား ၂၅ သန်းကို အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေတွင်ရှိသည်။ ယခုဟာရီကိန်းသည် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်တိုက်ခိုက်ဖူးသမျှ အကြီးမားဆုံး မုန်တိုင်းများ ထဲမှ တစ်ခုဟု သိပ္ပံပညာရှင်များ အဆိုအရ သိရသည်။”

မူရင်းလင်ခ့် – Istockphoto | Archive link

ဓာတ်ပုံ ၂ ပုံကိုအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

ရခိုင်းကမ်းရိုးတန်း စစ်တွေမြို့အနီးကနေ ဖြတ်သန်းဝင်ရောက်ခဲ့တဲ့ ဖျက်အားပြင်း မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ လူသေပျောက်မှုအချို့ရှိခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း မုန်တိုင်းနဲ့အတူ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ စစ်တွေက အဖြစ်အပျက်အဖြစ်ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေထဲက ဒီရေလှိုင်းတွေ ကမ်းရိုးတန်းကို ရိုက်ခတ်နေတဲ့ ဓာတ်ပုံဟာ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၃ ခုနှစ်က တိုက်ဖွန်းမုန်တိုင်း Haiyan ဝင်ရောက်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။ပြောဆိုချက်- စစ်တွေမြို့ကို ဆိုက်ကလုန်းမုန်တိုင်း မိုခါ ဝင်ချိန် ဓာတ်ပုံတွေ

Avatar

Title:Fact Check: ကမ်းခြေကို လှိုင်းရိုက်နေတဲ့ ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်ကို တိုက်ဖွန်းမုန်တိုင်း ဟိုင်ယန်ဝင်‌ရောက်စဉ်က ပုံဖြစ်တယ်

Fact Check By: နေရာမောင် 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *