ရခိုင်ပြည်နယ်ကို အမေရိကန်စစ်သင်္ဘောတွေ ဝင်လာပြီဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ရခိုင်ပြည် ကို US စစ်တပ်ဝင်လာပြီ
ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘော ဝင်လာပြီး မကြာဘူး
တရုတ်သဘာဝဓာတ်ငွေ့လုပ်ငန်း ပေါက်ကွဲလို့ လန့်ကုန်ပြီ”

အလားတူတဲ့ ရေးသားမျှဝေမှုတွေကို “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဖြန့်ဝေထားတာ ဒီနေရာမှာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
“The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုံးဝလုပ်ကြံရေးသားဖြန့်ဝေတာတွေ ပြုလုပ်တဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအမှပြသတဲ့ ရုပ်ကတ်အပါအဝင် ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားတဲ့နေရာမှာ ဖြစ်စေ အမေရိကန် စစ်သင်္ဘောကြီး ရခိုင်ပင်လယ်ပြင်ကို ဝင်လာချိန်မှာပဲ ရခိုင့်တပ်တော်-AA က ရခိုင်ပြည်နယ်ထဲက အရေးကြီးတဲ့ပိုက်လိုင်းတခုကို ဖောက်ခွဲလိုက်တယ်ဆိုပြီး အွန်လိုင်းပေါ်မှာ ကျော်ကြားနေတယ်လို့ လည်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်းဖော်ပြချက်မရှိသလို အွန်လိုင်းမှာ လည်း ဒီလို ရခိုင်ပြည်နယ်ထဲကို အမေရိကန်သင်္ဘောဝင်လာတာဖြစ်စေ AA က ပိုက်လိုင်းတခုကို ဖောက်ခွဲလိုက်တယ်ဆိုတာဖြစ်စေ ပျံ့နှံ့ခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။
နောက်ထပ် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay KhitThit”ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။
“Mandalay KhitThit”က အလားတူတဲ့ ဖြန့်ဝေမှုမှာတော့ စက်တင်ဘာထဲမှာ DVB သတင်းဌာနက ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် လှစိုးဝေရဲ့ “အမေရိကန်တို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လာပြီ”ဆိုတဲ့ဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။ အမေရိကန်တပ်တွေ စစ်တကောင်းဒေသတဝိုက်မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ ပူးပေါင်းပြီးလှုပ်ရှားမှုတွေ များပြားလာနေပြီး စစ်လေယာဉ် ဆင်းသက်မှုတွေလည်းရှိနေကြောင်း အိန္ဒိယ သတင်းစာဖော်ပြမှုကို အခြေခံပြီး ရေးသားထားတဲ့ဆောင်းပါးဖြစ်တယ်။

သုံးသပ်ချက်
ရခိုင်ပြည်နယ်ကို အမေရိကန်စစ်သင်္ဘောတွေ ဝင်လာတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဗွီဒီယိုကို မျှဝေထားတဲ့ “The Daily Lens”ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေဖြန့်ဝေသလို “Mandalay KhitThit”ဟာ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ဝေချိတဲ့နေရာဖြစ်တယ်။
ပြောဆိုချက်- ရခိုင်ပြည်နယ်ကို အမေရိကန်စစ်သင်္ဘောတွေ ဝင်လာတယ်
Title:Fact Check: ရခိုင်ပြည်ကို အမေရိကန် စစ်သင်္ဘောတွေဝင်လာပြီဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: Misleading

