
ဘင်္ဂလားဒေ့ရှ်သံအမတ်ကို စစ်ကောင်စီပစ်သတ်ခံရပြီးနောက် မြန်မာစစ်ခေါင်းဆောင်တွေကို ၂၄ နာရီအတွင်း ဖမ်းဆီးဖို့ အမိန့်ထုတ်ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် သတင်းဖြန့်ချိမှုသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။
“ဘင်္ဂလားဒေ့ရှ်သံအမတ် ပစ်သတ်ခံရ
ဘင်္ဂလားဒေ့ရှ်သံအမတ် စစ်ကောင်စီ ပစ်သတ်ခံရပြီးနောက်
စစ်ခေါင်းဆောင်များကို (၂၄)နာရီတွင်း ဖမ်းမိန့်ထုတ် ကြေညာ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Myanmar”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်း လုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရပါတယ်။
အခုလည်း ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲပါအကြောင်းအရာဟာ “မောင်း”မီဒီယာကဖော်ပြခဲ့တဲ့ “စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တာဝန်ယူ၊ တာဝန်ခံနိုင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အသင့်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်”၊ Myanmar Pressphoto Agency ကဖော်ပြခဲ့တဲ့ “စစ်ကောင်စီနှင့် ကြံရာပါဖြစ်နေမှုကို အာဆီယံ အဆုံးသတ်ရန် JFM တောင်းဆို”၊ People’s Spring သတင်းဌာနကဖော်ပြခဲ့တဲ့ “ရန်ကုန်ရှိ သံအမတ်ကြီးနဲ့ စစ်သံမှူးကို ဘင်္ဂလားဒေ့ရှ်အစိုးရ ပြန်လည် ခေါ်ယူ”စတဲ့အကြောင်းအရာတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Khit Thit Myanmar”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေက သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာတခုဖြစ်တာတွေ့ရတယ်။ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နဲ့ စစ်သံမှူးကို ဘင်္ဂလားဒေ့ရှ်အစိုးရ ပြန်လည် ခေါ်ယူတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

Title:Fact Check: ဘင်္ဂလားဒေ့ရှ်သံအမတ် စစ်ကောင်စီ ပစ်သတ်ဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: False