အာဆီယံက အကြမ်းဖက်ကြေညာလိုက်လို့ ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာသံရုံးအားလုံးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်မင်းအောင်လှိုင်လက်အောက်ခံ စစ်တပ်နဲ့ ရဲက ဝင်ရောက်စီးနင်းနေတယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဇင်ဘာ ၇ ရက်မှာ ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းကျော်ရရှိထားတယ်။
“အာဆီယံက အကြမ်းဖက်ကြေညာလိုက်လို့
မင်းအောင်လှိုင်က သံရုံးအားလုံး ဖမ်းဆီးနေ
ရန်ကုန် နိုင်ငံတကာသံရုံးအားလုံး စစ်တပ်နဲ့ ရဲတွေ ဝင်ရောက်စီးနင်း
အာဆီယံက မင်းအောင်လှိုင်တို့ကို ပြင်းထန်သတိပေးတုန့်ပြန် ”(မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ့ရတယ်။ ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင်နှင့် စစ်တပ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး တီမောနိုင်ငံက အမှုလက်ခံလိုက်ပြီးနောက် ရန်ကုန်ရှိ တီမောသံရုံးကို မြန် မာစစ်တပ်က နှင်ထုတ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ မြန်မာ နိုင်ငံမှ တီမောသံရုံး ထွက်ခွာရန် အမိန့်ပေး”၊ “စစ်ကိုင်းတိုင်းအတွင်း ဆူပူသောင်းကျန်းမှုများ ပေါများခြင်းမှာ အသိပညာနှင့် အတတ်ပညာအားနည်းမှုများကြောင့် အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်
ဗွီဒီယို ဖြန့်ချိထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့က တီမောတရားရုံးမှာ တရားစွဲဆိုမှုကို တီမောနိုင်ငံက လက်ခံခဲ့တဲ့အတွက် မြန်မာစစ်တပ်က တီမောသံအရာရှိကို နင်ထုတ်တဲ့သတင်းကို လိုအပ်သလိုခေါင်းစဉ်တုတပ်ထားတယ်။
ပြောဆိုချက်- အာဆီယံက အကြမ်းဖက်အဖြစ်ကြေညာပြီးနောက် စစ်တပ်က နိုင်ငံတကာသံရုံးတွေကို ဝင်စီး
Title:Fact Check: အာဆီယံက အကြမ်းဖက်အဖြစ်ကြေညာပြီးနောက် စစ်တပ်က နိုင်ငံတကာသံရုံးတွေကို ဝင်စီးဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

