အမေရိကန်က လျှို့ဝှက်အမိန့်ပေးလို့ မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“မနေ့က မလွှတ်ပဲ ဒီနေ့ လွှတ်ရပြီ
အမေရိကန် ရဲ့ လျှို့ဝှက် အမိန့်ထွက်လို့ မအလ
အကြောက်လွန်ပြီး အမေစုကို ချက်ချင်းလွှတ်ရပြီ”

အချက်အလက်စိစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။
ဒီလိုပြောဆိုပြီး ဗွီဒီယို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တဲ့ ချန်နယ် တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်ချက် မကြာခဏ ဖော်ပြခဲ့ပြီးဖြစ်တယ်။
အခုလည်း ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတဲ့အကြောင်းအရာဟာ ဧရာဝတီတိုင်းမ် သတင်းဌာနက မတ် ၂ရက်မှာ ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရခေါင်းဆောင်များကို ချန်ထားပြီး စစ်ကော်မရှင်က နိုင်ကျဉ်း ၇၀၀၀ ကျော်အား လွတ်ငြိမ်းပေး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။
ဒီအပြင် ၅ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တော်လှန်ရေး ၅ နှစ်တာကာလသို့ ရောက်ရှိလာချိန်မှာ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ အသက်ဖြစ်ကြောင်း (၆၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ NUG ယာယီသမ္မတက ပြောတဲ့ သတင်းကို ပြန်လည်မျှဝေထားတယ်။

သုံးသပ်ချက်
“The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ကာဖော်ပြလေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတွေကို ချန်ထားပြီး နိုင်ကျဉ်း ၇၀၀၀ ကျော်ကို စစ်တပ် မတ် ၂ ရက်နေ့မှာ လွတ်ငြိမ်းပေးတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။
Title:Fact Check: အမေရိကန်အမိန့်ပေးလို့ မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

