
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဝှက်ထားတဲ့ နေရာကို သိရှိပြီးနောက် PDF တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်စီးပြီး ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။
ဒီဇင်ဘာ ၁၈ ရက်က စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။
“မနေ့ညက ဖရဲသီး သတင်းပေးလို့ စစ်ကောင်စီ
အမေစုကို ဖွက်ထားတဲ့နေရာ PDF တွေ
အင်အားအလုံးရင်းနဲ့ ဝင်စီးပြီး ကယ်တင်နိုင်ခဲ့”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မတွေ့ရပါဘူး။ “MCM”အမည်နဲ့ ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေ ဗွီဒီယိုပုံစံပြောင်းလဲပြီး လုပ်ကြံသတင်း ခေါင်းစဉ်တွေ တပ်ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရပါတယ်။
အခုလည်း ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ထားတဲ့ နေရာကို ဝင်ရောက်စီးနင်းပြီး ကယ်ထုတ်ခဲ့တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ချောင်းဦးမြို့တွင်းမှ မိုင်းရှင်းရန် ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး စစ်သား အလောင်းများကို ထွေ/အုပ်ရုံးသို့ သယ်ဆောင်သွား”၊ “ပခုက္ကူမြို့နယ်ရှိ ရွာသာအေးရွာနှင့် ပြည့်အိုင်ရွာကို စစ်တပ်က ယနေ့ ညပိုင်းထိ မီးရှို့ဖျက်ဆီးနေ၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ”၊ “ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ”၊ “ထိုင်းငါးဖမ်းသမားများကို မြန်မာစစ်ကောင်စီက ထောင်ဒဏ်ချမှတ်ခဲ့မှုကြောင့် ထိုင်းအစိုးရ၏ ပြည်သူကို မကာကွယ်နိုင်သော လုပ်ရပ်အပေါ် ထိုင်းအမျိုးသားလုံခြုံရေးဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဋ္ဌက ဝေဖန်”စတဲ့ သတင်းတွေကိုသာ ဖော်ပြထားတယ်။
သုံးသပ်ချက်
“MCM”ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖတ်ကြားပြီး သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရှိတဲ့နေရာကို PDF တွေ အင်အားအလုံးအအရင်းနဲ့ ဝင်စီးပြီး ကယ်ထုတ်တယ်ဆိုတာ မဟုတ်မှန်ဘဲ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် နေတဲ့နေရာကို PDF ဝင်စီးပြီး ကယ်ထုတ်တဲ့ သတင်းတု
Written By: Zun ZeeResult: False