Fact Check: အလောင်းတော်ကဿဖ ဂူနံရံရှိ ရွှေတွေကို PDF အဖွဲ့က ခွာယူသွားတယ် ဆိုတဲ့ သတင်းမှား

နိုင်ငံရေး၊

မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား တယ်လို့ဆိုထားတဲ့ ပြောဆိုချက်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေချက်တခုသာဖြစ်ပြီး ရွှေခွာယူသွားတယ်ဆိုတာမဟုတ်ကြောင်း အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ ပေါက်ဖော်အမည်နဲ့ ဝက်ဘ်ဆိုဒ် ကလည်း တရုတ်ဘာသာနဲ့ ရေးသာဖြန့်ဝေထားတာလည်းတွေ့ရတယ်။

“(မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား 😪)”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဒီသတင်းဟာ မမှန်ကန်ကြောင်းနဲ့ ဒေသခံပြည်သူတွေဆိုရင် ဒီဖြစ်ရပ် မဟုတ်တာ သိကြကြောင်းနဲ့ ကိုဗစ်ကာလမတိုင်ခင်က ရွှေချထားတဲ့ လှိုဏ်ဂူနံရံနဲ့ လက်ရှိမြင်နေရတဲ့ နံရံကို ယှဉ်ပြပြီး စစ်တပ်ဝါဒ ဖြန့်ချိရေးသမားတွေ ဝါဒဖြန့်ချိနေခြင်းသာဖြစ်တယ်လို့ အလောင်းတော်ကဿပဘုရားလှိုဏ်ဂူအပါအဝင် အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ PDF အဖွဲ့က ထုတ်ပြန်ဖြေရှင်းထားပါတယ်။

“အလောင်းတော်ကဿပဘုရားကျောက်ဂူသည် တောတွင်းမှာ ရှိသည်ဖြစ်၍ ပုံမှန်လည်ပတ်ခဲ့သော အာဏာမသိမ်းခင်၊ ကိုဗစ်ကာလမတိုင်ခင် နှစ်များမှာပင် ဘုရားဖူးရာသီချိန်အစတွင် ကျောက်ဂူကို ရွှေမှင်သုတ်ပြီးကြည်ညိုဖွယ် မွမ်းမံပြီး၊ ဘုရားဖူးရာသီချိန်အတွင်း ဘုရားဖူးပြည်သူများမှ ကပ်လှူကြသော ရွှေသင်္ကန်းများကို ပထမလတွင် ပထမတကြိမ်ဝါဂွမ်းများဖြင့်ပွတ်ယူပြီးသိမ်းဆည်းခြင်း၊

ဒုတိယလတွင် ဒုတိယအကြိမ်ရွှေသင်္ကန်းများကို ဝါဂွမ်းများဖြင့်ပွတ်ယူသိမ်းဆည်းခြင်း၊

ဘုရားဖူးရာသီနောက်ဆုံးလတွင် တကြိမ်ရွှေများကို ဝါဂွမ်းဖြင့်ပွတ်ယူ သိမ်းဆည်းပြီး၊ အစိုးရအဆက်ဆက် ဘုရားဂေါပကအဖွဲ့များက အလောင်းတော်ကဿပ ရန်ပုံငွေအဖြစ် လေလံတင် ရောင်းချမြဲ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အလောင်းတော်ကဿပ ကျောက်ဂူသည် မည်သည့်ရွှေအမှုန်အစမှ မရှိပါ။ ဘုရားဖူးရာသီပြီး၍ ရွှေသင်္ကန်းအနည်းငယ်ကျန်ရှိပါကလည်း ရေတိုက်စားပြီး သဘာဝကျောက်သားအတိုင်း ကျန်ရှိမြဲဖြစ်ပါသည်။

ယခုအကြောင်းအရာများသည် ဒေသခံပြည်သူများအတွက်မူ ရှင်းပြရန် လုံးဝမလိုအပ်ပါ။ တာဝန်ယူထမ်းရွက်နေသော မိမိတို့တပ်ရင်းကို တမင်ရည်ရွယ်ချက်ရှိရှိအပုတ်ချသော ခွေးမိစ္ဆာ၏ ဘာသာ​ရေးမှိုင်း ကြော့ကွင်းတွင်းသို့ သာမန်ရိုးသားပြီး၊ ရပ်ဝေးမှပြည်သူများ မသက်ဆင်းကြစေရန် ရှင်းရခြင်းဖြစ်သည်။ ( ကနဦး စတင်သော MaungKhaing Winn အကောင့်သည် ကိုဗစ်ကာလမတိုင်ခင် ဘုရားဖူးရာသီအစ ရွှေမှင်သုတ်မွန်းမံထားသော ရွှေရောင်ကျောက်တံခါးနှင့် ယခုကာလဒီအတိုင်းရှိနေသော သဘာဝကျောက်တံခါးပုံကို နှိုင်းယှဉ်ဖော်ပြထား)

ကိုဗစ်ကာလမှသည် စကစအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ခဲ့ပြီးဖြစ်သည်။”စသည်ဖြင့် ထုတ်ပြန်ရှင်းထားတယ်။ ယင်းမာပင်မြို့နယ် တပ်ရင်း ၁ – ခရိုင်တပ်ရင်းအမှတ်- 36 က မူလထုတ်ပြန်ရှင်းလင်းဖော်ပြချက်အပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

အထက်ပါရှင်းလင်းချက်အရ အလောင်းတော်ကဿပလှိုဏ်ဂူက ရွှေတွေကို PDF တွေက ခွာယူသွားတယ်ဆိုတာ မဟုတ်ဘဲ ဓာတ်ပုံအဟောင်းတွေနဲ့ လက်ရှိ ရွှေသင်္ကန်းမရှိတော့တဲ့ လှိုဏ်ဂူကို ယှဉ်ပြပြီး ရွှေတွေခွာယူသွား သယောင် ရေးသားဖြန့်ချိနေခြင်းဖြစ်တယ်။

Avatar

Title:Fact Check: အလောင်းတော်ကဿဖ ဂူနံရံရှိ ရွှေတွေကို PDF အဖွဲ့က ခွာယူသွားတယ် ဆိုတဲ့ သတင်းမှား

Written By: နေရာမောင် 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *