TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်၊ MNDAA ခေါင်းဆောင် ဖုန်တာရွှင်တို့က NUG အပေါ် ဝေဖန်ချက်ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ TNLA ကလည်း ဗိုလ်ချုပ်တာဘုန်းကျော်က ဒီလိုပြောကြားချက် မရှိကြောင်း တရားဝင် ငြင်းဆိုထားတယ်။
၂၀၂၇ စစ်ဆင်ရေးနဲ့ မြန်မာအာဏာသိမ်းစစ်တပ်ဆီကနေ နယ်မြေအများအပြား သိမ်းယူနိုင်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် သိမ်းပိုက်နယ်မြေအချို့ကို ပြန်ပေးအပ်ကာ ငြိမ်းချမ်းရေးရယူခဲ့ရပြီးနောက် ဒီ ၂ ဖွဲ့ဟာ မြန်မာလူထုရဲ့ ဝေဖန်မှုကို ခံနေရချိန်လည်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
“ဘယ် NUG လော်ဘီ မီဒီယာမှမတင်ပြရဲသော အမှန်တရားများ”ဆိုပြီး “star news”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြချက်ကို အောက်မှာကြည့်ပါ။ ဗမာ လူဦးရေ ၂၆ သန်းရှိပြီး စစ်ကောင်စီကို တော်လှန်နေတယ်ဆိုပေမဲ့ မြို့တမြို့တောင် NUG က သိမ်းပိုက်နိုင်ခြင်းမရှိကြောင်း၊ ဗမာတွေ ညံ့ဖျင်းလို့ တော်လှန်ရေး မအောင်တာဖြစ်ကြောင်း စသည်ဖြင့် TNLA က ဗိုလ်ချုပ်တာဘုန်းကျော်က ဝေဖန်ထားပြီး MNDAA ခေါင်းဆောင် ဖုန်တာရွှင်လည်းက အလားတူပြောဆိုထားတယ်။

အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီလိုပြောဆိုမျှဝေထားတဲ့ “star news”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို လေ့လာကြည့်မယ်ဆိုရင် သတင်းလုပ်ငန်းကို တစိုက်မတ်မတ်လုပ်ကိုင်နေတဲ့ မီဒီယာမဟုတ်တာတွေ့ရသလို လုပ်ကြံရေးသားပြောဆိုချက် တွေလည်း ဖြန့်ဝေနေတာတွေ့ရတယ်။ ယုံကြည်ရလောက်တဲ့ သတင်းမီဒီယာတွေမှာ ဒီလို TNLA က ဗိုလ်ချုပ်တာဘုန်းကျော်နဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်က ဒီလိုဝေဖန်ခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။
ဒီအပြင် အခုလို ဖြန့်ဝေထားတဲ့ ‘star news”ရဲ့ဖော်ပြချက်မှာပါသလို PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အနေနဲ့ ပြောကြားခဲ့ခြင်းမရှိကြောင်း TNLA က ထုတ်ပြန်ငြင်းဆိုထားတယ်။

သုံးသပ်ချက်
TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်၊ MNDAA ခေါင်းဆောင် ဖုန်တာရွှင်တို့က NUG အပေါ် ဝေဖန်ချက်ဆိုတာ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ဒီလိုဝေဖန်ခဲ့တာမရှိကြောင်း TNLA က တရားဝင် ငြင်းဆိုထားတယ်။
Title:Fact Check: TNLA နဲ့ MNDAA ခေါင်းဆောင်တွေက NUG ကို ဝေဖန်ချက်တွေလား-မဟုတ်ပါ
Fact Check By: Zun ZeeResult: False

