Fact Check: ပြင်ဦးလွင်ကို TNLA နဲ့ PDF တို့စတင်တိုက်ခိုက်နေပြီ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင် ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ပြင်ဦးလွင်ကို TNLA နဲ့ PDF တို့စတင်တိုက်ခိုက်နေပြီ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်ရတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ 

“ပြင်ဦးလွင် TNLA စတင်တိုက်နေပြီ

ပြင်ဦးလွင် TNLAနဲ့ PDF တို့ စတိုက်နေပြီ၊ မြို့ပေါ်ရှိ

ပြည်သူတွေ ညတွင်းချင်း တိမ်းရှောင်နေရ”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တာတွေ့ရပါတယ်။

တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ  ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မှာ တိုက်ပွဲများပြင်းထန်ချိန်၊ MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ပြီး၊ နောင်ချိုမြို့ကို TNLA က သိမ်းလိုက်ချိန်မှာ ပြင်ဦးလွင်က စစ်တပ်အသိုင်းအဝိုင်းနဲ့ မြို့ခံတချို့ မန္တလေးဘက်ကို စစ်ရှောင်လာတဲ့ သတင်းကို ပြန်လည် ဖော်ပြထားခြင်းဖြစ်တာတွေ့ရတယ်။ လက်ရှိအချိန်မှာ ပြင်ဦးလွင်ကနေ အခုလို တိုက်ပွဲတွေအကြား ပိတ်မိမှာ စိုးရိမ်လို့ စစ်ရှောင်လာကြတဲ့အကြောင်း တစုံတရာ အထောက်အထားမတွေ့ရပါဘူး။

၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြနေတဲ့အကြောင်းအရာတွေဟာလည်း “သဲကုန်းမြို့မှာ ရွာမီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဆိုင်ကယ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ”စတဲ့ အကြောင်းအရာတွေကို ပြန်လည်ဖော်ပြထားတယ်။ 

သုံးသပ်ချက်

ပြီးခဲ့တဲ့နှစ်က ရှမ်းမြောက် စစ်ရေးပြင်းထန်ချိန် ပြင်ဦးလွင်မြို့အနီး တိုက်ပွဲတွေ နီးကပ်လာချိန်မှာ စစ်တပ်အသိုင်းအဝိုင်းနဲ့ မြို့ခံတွေ နေရပ်စွန့်ခွာတဲ့ သတင်းကို ပြန်လည်ဖော်ပြထားပြီး လတ်တလော အဖြစ်အပျက်သဖွယ် လုပ်ကြံ သတင်းခေါင်းစဉ်တုတပ်ထားတာတွေ့ရတယ်။ လတ်တလော ပြင်ဦးလွင်ကို TNLA က စတင်တိုက်ခိုက်နေပြီဆိုတဲ့ အထောက်အထားမရှိပါဘူး။
ပြောဆိုချက်- ပြင်ဦးလွင်ကို TNLA နဲ့ PDF တို့စတင်တိုက်ခိုက်နေပြီ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင်

Avatar

Title:Fact Check: ပြင်ဦးလွင်ကို TNLA နဲ့ PDF တို့စတင်တိုက်ခိုက်နေပြီ ပြည်သူတွေ ညတွင်းချင်း စစ်ဘေးရှောင် ဆိုတဲ့ သတင်းတု

Fact Check By:  Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *