
ကိုဗစ်-၁၉(Covid-19)ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံလိုက်တယ်လို့ဆိုပြီး ပြောဆိုချက်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။
ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီလိုပြောဆိုခဲ့တဲ့ ဆရာဝန်ဆိုသူ ဓာတ်ပုံပါဝင်ပြီး ပြောဆိုချက်အတိုင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြချက်ပါတဲ့ စခရင်ရှော့ဓာတ်ပုံတခုကိုလည်း ပို့စ်တင်သူ ၄င်းပို့စ်ရဲ့အောက်က မှတ်ချက်နေရာမှာ ဖော်ပြထားတာတွေ့ရပါ တယ်။
“Covid 19 ဆေးထိုးထားသူတွေဟာ ေ-သဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံ”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တမ်း စခရင်ရှော့ပို့စ်ပါပြောဆိုချက်ဟာ အခုရက်ပိုင်းမှပဲ ပြောကြားခဲ့သယောင်နဲ့ “BREAKING NEWS:”လို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဒီပြောဆိုချက်ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာကတည်းက လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။
ဒီဓာတ်ပုံထဲဆရာဝန်ဆိုသူ ဟာ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်က ဒေါက်တာ ချားစ်ဒေါက်ကလပ် ဟိုဖေ(Charles Douglas Hoffe)ဖြစ်ပြီး သူဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရေးကို ယုံကြည်ပြီး ၂၀၂၁ ခုနှစ်လောက်ကတည်းက ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ပြစ်ချက်တွေကို ရှာကြံပြောဆိုနေသူဖြစ်ပါ တယ်။ သူဟာ သူလို့ပဲ ယုံကြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကနေဒါက “National Citizen’s Inquiry”ဆိုတဲ့အဖွဲ့မှာ ကိုဗစ်ကာကွယ်ဆေးဆိုတာ ကိုဗစ်ကို ပိုမိုကူးစက်ခံရစေပြီး သေဆုံးနိုင်စေတဲ့ ဆေးဆိုပြီးတော့ ၂၀၂၃ ခုနှစ်ထဲမှာပြောဆိုခဲ့တဲ့ ဗွီဒီယိုဖိုင်ထဲကဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ဒီပြောဆိုချက်ကို ပြောဆိုခဲ့သူဟာ ကနေဒါနိုင်ငံမှာ မိသားစု ဆရာဝန်တဦးအနေနဲ့ ရပ်တည်နေသူသာဖြစ်ပြီး ကနေဒါအာဏာပိုင် အသိုင်းအဝိုင်း မဟုတ်သလို ဒီလိုပြောဆိုနိုင်ဖို့အတွက် သုတေသနကို ဦးဆောင်ပြုလုပ်ခဲ့ သူလည်း မဟုတ်ပါဘူး။
ကိုဗစ်-၁၉ ထိန်းချုပ်ဖို့အတွက် တင်းကြပ်တဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ခဲ့တဲ့ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာ အခြေစိုက် National Citizen’s Inquiry ဆိုတဲ့အဖွဲ့က ၂၀၂၃ ခုနှစ်အတွင်း မူလတင်ထားတဲ့ ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ကြည့်မယ်ဆိုရင် ဒေါက်တာ ချားစ်ဒေါက်ကလပ် ဟိုဖေ ဟာ ကိုဗစ်-၁၉ ကာကွယ်ရေး မထိုးတဲ့သူတွေနဲ့ ထိုးထားသူတွေမှာ ထိုးထားတဲ့သူတွေက ကူးစက်ခံရမှု ပိုမိုများပြားတာကို တွေ့ရှိရတယ်လို့ Cleveland Clinic ကလုပ်တဲ့ သုတေသနတခုကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဒီသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ နဘင်းရှရက်စသာ (Nabin Shrestha) ဆိုတဲ့ ဆရာဝန်ကတော့ သူ့ရဲ့ မူလအစီရင်ခံစာဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခံရသူတွေလည်း ရောဂါကူးစက်မှု ဆက်ရှိနေတယ် ဆိုတာကို ဖော်ပြလိုတာဖြစ်ပြီး ကာကွယ်ဆေးမထိုသင့်ဘူးလို့ ပြောဆိုခဲ့တာမဟုတ်ကြောင်းနဲ့ သူလုပ်ခဲ့တဲ့ သုတေသနဟာ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့နဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ အသွင်ပြောင်းလာတာနဲ့ အမျှ ကာကွယ်ဆေးရဲ့ အစွမ်းအစက ထိရောက်မှုနည်းပါးလာတာကို ပြသဖို့ဖြစ်ပြီး ကာကွယ်ဆေးထိုးထားသူတွေ ပိုမိုသေဆုံးရတယ်လို့ မပါဝင်ကြောင်း AFP သတင်းဌာနက အချက်အလက်စိစစ်မှုမှာ တုန့်ပြန်ခဲ့ပါတယ်။
ဒီအပြင် ဒီလိုကိုဗစ်ကာကွယ်ဆေးမထိုးဖို့နဲ့ ကိုဗစ်ကာကွယ်ဆေးက လူတွေကို သတ်နေတယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်တွေကြောင့် ဗြိတိသျှကိုလံဘီယာ သမားတော်များနှင့် ခွဲစိတ်ဆရာဝန်များ ကောလိပ်က ဒေါက်တာ ချားစ်ဒေါက်ကလပ် ဟိုဖေရဲ့ ဆရာဝန်ကျင့်ဝတ်တွေ မလိုက်နာတဲ့ အပြောအဆိုနဲ့ ပတ်သက်ပြီး ကြားနာစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေအရ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးထားသူတွေဟာ သေဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဒေါက်တာ ချားစ်ဒေါက်ကလပ်က ပြောကြားခဲ့တာမှန်ပေမဲ့ ပြောဆိုသူဟာ ကျန်းမာရေးအာဏာပိုင်အသိုင်းအဝိုင်းကမဟုတ်သလို ထင်ရှားကျော်ကြားတဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေး ဆရာဝန်တဦးလည်းမဟုတ်ပါဘူး။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားပေမဲ့ ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ခြေရှိတယ်ဆိုတာမှန်ပေမဲ့ ကာကွယ်ဆေးထိုးထားလို့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ပိုမိုများပြား လာတယ်ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- ကိုဗစ်-၁၉ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်-၁၉ ရောဂါ ပိုမိုကူးစက်ခံရနိုင်ပြီး သေဆုံးနိုင်ခြေ ပိုများတယ်လို့ ကနေဒါဆရာဝန်ပြော

Title:Fact Check: ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများလား- မဟုတ်ပါ
Fact Check By: နေရာမောင်Result: Misleading