
ဒီပဲယင်းမှာ အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုမှာ ကလေးအများ အပြား ထိခိုက်သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ လေယာဉ်မှူးကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးရမိပြီး သေဒဏ်ပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။
မေ ၁၅ ရက်ကစတင်ဖြန့်ဝေလာပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၁ သိန်းကျော်ရရှိထားတယ်။
“ပြည်သူကို ဗုံးကြဲသတ်တဲ့ တရားခံကြီး
ဇော်မင်းထင်ကျော် ကို အရှင်ဖမ်းပြီး
ပြည်သူအားလုံးရှေ့မှာ ပစ်သတ်(ရုပ်/သံ)”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ တခါတရံမှာ လုံးဝလုပ်ကြံ သတင်းတုတွေလည်း ဖြန့်ချိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီပဲယင်းက စာသင်ကျောင်းကို တိုက်ခိုက်ခဲ့တဲ့ လေယာဉ်မှူးကို ဖမ်းဆီးရမိတယ်ဆိုတဲ့အထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။
အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာဟာ ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လေယာဉ်မှူးတွေသာမက မိသားစုဝင်တွေကိုပါ အပြစ်ပေးဖမ်းဆီး အရေးယူနိုင်ဖို့ တော်လှန်ရေး အင်အားစုတွေက ဆုံးဖြတ်လိုက်ကြောင်းနဲ့ ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှုကို လုပ်ဆောင်တာဟာ ဇော်မင်းထင်ကျော်လို့ သိရကြောင်းနဲ့ ဖမ်းမိရင် ပြည်သူတွေရှေ့မှာ သတ်ဖြတ်ပြမယ်လို့ သိရကြောင်း စသည်ဖြင့် ဖတ်ကြားနေတယ်။ ဒီအချက်တွေကို အထောက်အပံ့ပေးမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မတွေ့ရပါဘူး။ ဒီပဲယင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေ၊ အမိန့်ပေးသူ၊ လက်တွေ့လုပ်ဆောင်သူတွေအပြင် သတင်းမှန်ဖုံးကွယ်တဲ့ စစ်လော်ဘီတွေကိုပါ အရေးယူမယ်လို့ NUG ကြေညာပါတယ်။ ဒါပေမဲ့ အများရှေ့မှာ သတ်ဖြတ်တရားစီရင်မယ်ဆိုတဲ့ ဖော်ပြချက်မပါဝင်သလို ဒီပဲယင်းက ကျောင်းတခုကို မကြာမီရက်ပိုင်းက တိုက်ခိုက်ခဲ့တဲ့ လေယာဉ်မှူးဟာ ဇော်မင်းထင်ကျော်ဖြစ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။
သုံးသပ်ချက်
“Local Celegram”ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေတာ၊ သတင်းမှားတွေ ဖြန့်ချိတာလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီပဲယင်းက စာသင်ကျောင်းကို တိုက်ခိုက်ခဲ့တဲ့ လေယာဉ်မှူးကို ဖမ်းဆီးရမိတယ်ဆိုတဲ့အထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မတွေ့ရပါဘူး။
ပြောဆိုချက်- ဒီပဲယင်း အိုးတိန်တွင်း စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ လေယာဉ်မှူးအဖမ်းခံရပြီး ပစ်သတ်လိုက်ပြီ

Title:Fact Check: ဒီပဲယင်းလေကြောင်းတိုက်ခိုက်ခဲ့တဲ့ လေယာဉ်မှူးကို ဖမ်းဆီးပြီး ပစ်သတ် လိုက်တဲ့ သတင်းတု
Fact Check By: Zun ZeeResult: False