စစ်တပ်က ဖွဲ့စည်းမယ့် အစိုးရအဖွဲ့အသစ်မှာ သမ္မတ ဦးဝင်းမြင့် ပါဝင်လာတယ်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိနေခြင်း သာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်မှာပါဝင်လာတယ်ဆိုတဲ့ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာကြည့်ပါ။
“အစိုးရအသစ်ကြေညာ
သမ္မတကြီး ဦးဝင့်မြင့် ပါဝင်လာပြီ
ပြည်ထောင်စု အတိုင်ပင်ခံရာထူးပေးရန် မင်းအောင်လှိုင်ပြော
စုပေါင်းအစိုးရ အမျိုးသား ညီညွတ်ရေးအစိုးရဟု မအလ ပြောပြီ ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံရုပ်ကတ်ထဲမှာ အကျဉ်းချခံထားရတဲ့ သမ္မတဦးဝင်းမြင့် အစိုးရသစ်မှာ ပြန်လာပြီလို့ ဆိုထားပေမဲ့ ဒီအကြောင်းအရာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ မတွေ့ရပါဘူး။
ဒီလိုပြောဆိုပြီး ဗွီဒီယို ဖြန့်ဝေထားတဲ့ “Mandalay KhitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို ပြန်လည်ကူးယူ၊ ခေါင်းစဉ်တုတပ် ဖြန့်ဝေတာတွေ ပြုလုပ်တဲ့ ချန်နယ် တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ချက် မကြာခဏ ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတဲ့ အကြောင်းအရာဟာ “ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အများစု အနိုင်ရရှိထား ပေမယ့်လည်း အစိုးရသစ်မှာ အခြားနိုင်ငံရေး ပါတီတွေနှင့် တိုင်းရင်းသားတွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် ဖွဲ့စည်းဖို့ ဆွေးနွေးမှုတွေရှိ”ဆိုတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းကို ပြန်လည်ဖော်ပြထားတယ်။ မူလသတင်းဖော်ပြချက်မှာ သမ္မတနေရာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတနေရာရယူမယ့် သတင်းထွက်နေတဲ့အကြောင်း၊ အစိုးရဖွဲ့သစ်မှာ ဘယ်သူတွေ ပါဝင်မယ်ဆိုတာ မသိရသေးကြောင်း စသည်ဖြင့်ဖော်ပြထားတယ်။

၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတာကတော့ “ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲ မဲအနိုင်ရရှိစေရန် စစ်တပ်က စီစဉ်ပေးခဲ့ပြီး စစ်အရာရှိကြီးများကိုလည်း ကြံ့ဖွတ်အမတ်များအဖြစ် အရွေးချယ်ခံ အနိုင်ရရှိအောင် ဆောင်ရွက်ခဲ့ဟု KNU ဥက္ကဋ္ဌ ပြော”ဆိုတဲ့ သတင်းပဲဖြစ်တယ်။
သုံးသပ်ချက်
“Mandalay KhitThit”ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အစိုးရသစ်မှာ သမ္မတရာထူးယူမယ့် သတင်းထွက်ပေါ်နေတယ်ဆိုတဲ့ သတင်းနဲ့ သတင်းတချို့ကို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ဝေတာတွေ့ရတယ်။ စစ်တပ်က ဖွဲ့စည်းမယ့် အစိုးရသစ်မျာ သမ္မတဦးဝင်းမြင့် ပါဝင်မယ်ဆိုတာ မဟုတ်ပါ။

