ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုသာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇူလိုင် ၁၁ ရက်က ဖြန့်ဝေထားပြီး လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ၇ သိန်းဝန်းကျင်ရရှိထားတဲ့ ဗွီဒီယိုကို အောက်မှာကြည့်ပါ။
“မအလ ထိုးကြွေးနေပြီ
အကျဉ်းဦးစီးကို သေဒဏ်ပေးပြီ
ရွှေညဝါ ဆရာတော်နှင့် မောင်သာချိုသေဆုံးမှု
ပြဿနာတက်နေပြီ သေဒဏ်ပေးရန် အမိန့်ပေးနေပြီ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်နဲ့ပတ်သက်ပြီး မကြာခဏ အချက်အလက်စိစစ်ချက် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိနေတာ တွေ့နိုင်တယ်။
အခုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာလည်း မြန်မာနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့ “အာဏာသိမ်းစစ်တပ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ခဲ့ရတဲ့ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာမောင်သာချို”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ ဆောင်းပါးထဲမှာ အာဏာသိမ်းစစ်တပ်က အာဏာသိမ်းမယ့်နေမှာ ပြစ်မှုတစုံတရာမရှိဘဲ ပထမဆုံးဖမ်းဆီးခံရသူတွေဟာ မောင်သာချိုနဲ့ ရွှေညဝါဆရာတော်ဖြစ်တယ်ဆိုတာကို အဓိကထားဖော်ပြထားပြီး သူတို့နှစ်ဦးဟာ ထောင်က ပြန်လွတ်ပြီး ၂ နှစ်ကျော်အကြာမှာ တနေ့ထဲ သေဆုံးခဲ့မှု၊ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ သူတို့နှစ်ဦးအပေါ် ထောမနာဂုဏ်ပြု ပြောကြားချက်တွေကို ကိုးကားဖော်ပြ ထားပါတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။
တကယ်တမ်းမှာ စာရေးဆရာမောင်သာချိုသေဆုံးမှု၊ ရွှေညဝါဆရာတော် ပျံလွန်တော်မူအပြီးမှာ စစ်အုပ်စုရဲ့ အကျဉ်းဦးစီး တယောက်အဖမ်းခံရတယ်ဆိုတဲ့ ဖော်ပြချက် သတင်းအရင်းအမြစ်တွေမှာ မတွေ့ရပါဘူး။
သုံးသပ်ချက်
“Mandalay Khithit” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတခုကဖော်ပြခဲ့တဲ့ ရွှေညဝါဆရာတော် ပျံလွန်မှုနဲ့ စာရေးဆရာမောင်သာချိုကွယ်လွန်မှုအကြောင်းနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဦးစားပေးပြစ်မှတ်ထားပြီး ဖမ်းဆီးခံရတဲ့ အကြောင်းတွေရေးသားထားတဲ့ သတင်းဆောင်းပါးကို လိုအပ်သလို ခေါင်းစဉ်တုတပ် ထားခြင်းဖြစ်တယ်။ သူတို့နှစ်ဦးသေဆုံးမှုအတွက် အကျဉ်းဦးစီးတယောက် သေဒဏ်ပေးခံရတယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။
ပြောဆိုချက်- ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို စစ်ကောင်စီ သေဒဏ်ပေး

Title:Fact Check: ရွှေညဝါဆရာတော်နဲ့ မောင်သာချိုသေဆုံးမှုအတွက် အကျဉ်းဦးစီးကို သေဒဏ်ပေးခံရတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False